လျှပ်စစ်မီတာခ နှုန်းထား သုံးဆအထိ မြင့်တက်ရန် မဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်မီတာခ နှုန်းထား သုံးဆအထိ မြင့်တက်ရန် မဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 22 September 2017

လျှပ်စစ်မီတာခနှုန်းထားများကို တိုးမြှင့် သတ်မှတ်ရာတွင် မီတာခ သုံးဆအထိ မြင့်တက်ရန် မဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သော Nationally Determined Contributions ( NDC စွမ်းအင်ကဏ္ဍ အကောင်အထည်ဖော်ရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၌ လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနက ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။ အများက ဝိုင်းပြီး ဆုံးဖြတ်ရမှာပါ။ အားလုံးပြည်သူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်မှာပါ။ ဝန်ကြီးဌာနက ဒီလိုဖြစ်ရမယ်ဆိုပြီး မလုပ်ပါဘူး။ သုံးဆတက်မယ် ဆိုတာက ဒါကြီးက များလွန်းအားကြီးပါတယ်။ မဖြစ်နိုင်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

လက်ရှိတွင် လျှပ်စစ်မီတာခ နှုန်းထားသစ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းတိုင်ပင်နေဆဲ အခြေအနေတွင်သာ ရှိကြောင်းနှင့် တိုးမြှင့်မည်ဆိုပါ က အများပြည်သူ သိရှိရန် အသိပေး ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

“အများကို ကြေညာမှာပါ။ အခုက ညှိနှိုင်းတုန်းပဲ ရှိသေးတယ်။ အများနဲ့ စကားပြောရဦးမယ်”ဟု ဦးဝင်းခိုင်က ပြောကြားသည်။

တိုးမြှင့်သတ်မှတ်မည့် လျှပ်စစ်မီတာခ နှုန်းထားကို အခြေခံလူတန်းစားများ အသုံးပြုနိုင်သော ဈေးနှုန်းဖြစ်စေရန် အကြမ်းဖျင်း လျာထားကြောင်း၊ နှုန်းထားသစ်ကို လာမည့် အောက်တိုဘာတွင် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မီတာခ နှုန်းထားသစ် သတ်မှတ်နိုင်ရေးအတွက် နောက်ဆုံး အပြီးသတ် ဆွေးနွေးခြင်းအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများအား ဖိတ်ကြားကာ ဆွေးနွေးပွဲကို စက်တင်ဘာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများက ၎င်းတို့နိုင်ငံမှ လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံသို့ ရောင်းချလိုကြောင်း လာရောက် ကမ်းလှမ်းထားမှုများ ရှိနေသော်လည်း လတ်တလောတွင် ဝယ်ယူရန် အစီအစဉ် မရှိသေးကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသစ်လွင်ဦးက ပြောကြားသည်။

Most Read

Most Recent