မုံရွာမြို့နယ်အတွင်း ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင် ဝင်ရောက်သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိသေး

မုံရွာမြို့နယ်အတွင်း ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင် ဝင်ရောက်သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိသေး
Published 22 September 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင် ဝင်ရောက်နေသော်လည်း ဒေသခံများအတွက် စိုးရိမ်ရသည့် အခြေအနေမှာ မရှိသေးကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေသည် စက်တင်ဘာ၂၀ ရက်က ဝင်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက် တွင် ကျေးရွာဆက်ချင်းဆက် ကားလမ်းများနှင့် ဆိုင်ကယ်လမ်းများ ရေကျော်နေပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းလောက်ကစပြီး ရေဝင်တယ်။ ရေတိုးကလည်း ကြမ်းတော့ ရွာတွေထဲကို ချင်းတွင်းရေဝင်တာ တော်တော်လေးကို မြန်တယ်။ အရင်က တော်တော်ကြီးပါတယ်။ အိမ်သေးသေးလေးတွေကတော့ ဖြစ်သလို ရွှေ့ပြောင်းနေခဲ့ရတယ်။ ကုန်းမြင့်မှာ ဆောက်ထားတဲ့ အိမ်တွေကတော့ အိမ်ရဲ့ အပေါ်ထပ်ကို တက်နေရလို့ရပါတယ်။ ကျွန်တော်တို့ဒေသမှာ ချင်းတွင်းမြစ်ရေက တစ်နှစ်တစ်ခါ ကြီးနေကျဆိုတော့ စားရေးသောက်ရေးမှာ အခက်အခဲလေးတော့ ဖြစ်တာပေါ့။ နှစ်တိုင်းလည်း ရွာတွေထဲကို ရေဝင်နေကျဆိုတာ့ ဒီလိုပဲ စားရေးသောက်ရေးက ဖြစ်သွားတာပဲ”ဟု မုံရွာမြို့နယ် ချမ်းသာကျွန်းကျေးရွာမှ ဦးညွှန့်ဝေက ပြောကြားသည်။

မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက်နေသည့်အတွက် ဒေသခံများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းအချို့လည်း ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း၊ ချင်းတွင်းမြစ်ရေ ဝင်ရောက်ရာ ကျေးရွာအချို့တွင် လှေများဖြင့် စတင်သွားလာနေပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်အတွင်းကလည်း မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခဲ့သည့်အတွက် ချင်းတွင်းမြစ်ကမ်း တစ်လျှောက်တွင် နေထိုင်သည့် ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေဘေးဒုက္ခ ရောက်ခဲ့သောကြောင့် မိမိတို့၏ နေအိမ်များအား စွန့် ခွာကာ ရေနှင့်ဝေးသည့် ကုန်းပေါ်ဒေသသို့ ပြောင်းရွှေ့နေထိုင်ရခဲ့ကြောင်း သိရသည်။

Most Read

Most Recent