ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးနေရသည့် လူဦးရေ လေးသိန်းခန့် မရှိနိုင်ကြောင်းနှင့် ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် -မြန်မာ သဘောတူညီချက်ပါ မူများအရ ပြန်လည် လက်ခံမည်ဟု လူ/ကယ်ပြန်ဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးနေရသည့် လူဦးရေ လေးသိန်းခန့် မရှိနိုင်ကြောင်းနှင့် ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် -မြန်မာ သဘောတူညီချက်ပါ မူများအရ ပြန်လည် လက်ခံမည်ဟု လူ/ကယ်ပြန်ဝန်ကြီး ပြောကြား
Published 22 September 2017

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထွက်ပြေးနေရသည့် လူဦးရေသည် လေးသိန်းခန့် မရှိနိုင်ကြောင်းနှင့် ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူညီချက်ပါ မူများအရ ပြန်လည် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice- Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က စက်တင်ဘာ ၂၁ ရက်က သီးခြားစီ လာရောက်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် H.E. Mr. Iwao HORLL က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစံမှ ကူညီရန်မူဝါဒသည် မပြောင်းမလဲရှိပြီး မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို အခက်အခဲများစွာကြားမှ ဖြေရှင်း ဆောင်ရွက်နေရသည်ကို သိရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုအပေါ် ဂျပန်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဒုက္ခသည် ၄၀၀၀၀၀ ခန့် ထွက်ပြေးနေရသည် ဟူသော သတင်းများအပေါ် စိုးရိမ်မကင်း ဖြစ်မိပါကြောင်းနှင့် ယင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီအစိုးရသစ် သက်တမ်း ၁၈ လသာ ရှိသေးပြီး ဒီမိုကရေစီပြန့်ပွားရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးမှု နောက်ကျသည့် ပြည်နယ်များကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ရပ် ဖွဲ့စည်း၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီဖွဲ့ပြီး၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင် ရဲစခန်းများ တိုက်ခိုက်ခံရမှု၊ ယင်းအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် စွပ်စွဲမှုများ ရှိလာ၍ ဒုတိယသမ္မတ ဦးဆောင်သော မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှု၊ အဆိုပါ ကော်မရှင် (၂) ရပ်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ၎င်းအား ဥက္ကဋ္ဌတာဝန် ပေးအပ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ တင်သွင်းပြီးနောက် ရခိုင်မြောက်ပိုင်းတွင် ရဲကင်းစခန်း ၃၀ အား အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ အကြမ်းဖက်သမားများက လူနည်းစု တိုင်းရင်းသားများဖြစ်သည့် မြိုနှင့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် ၎င်းတို့၏ သြဇာမခံသော မွတ်စလင် ခေါင်းဆောင်များအား သတ်ဖြတ်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ မူရင်းတာဝန်ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအပြင် အထူးတာဝန်အဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်မှု၊ လူသားချင်းစာနာမှု လုပ်ငန်းများကို နိုင်ငံတော်အစိုးရက ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အသွင်ဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ထားမှု၊ ပြန်လည် ထူထောင်ရေးအတွက် မြေပြင်လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး မကြာခင် အကောင်အထည်ဖော်မည့် အခြေအနေများ၊ မြေပြင်လူဦးရေ စာရင်းဇယားအရ ၄၄ ရာခိုင်နှုန်း ထွက်ပြေးပြီး ၅၆ ရာခိုင်နှုန်း ကျန်ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ ခုနစ်သိန်းအနက်မှ ၄၄ ရာခိုင်နှုန်း ထွက်ပြေးခြင်းဖြစ်ရာ လေးသိန်းကျော် မရှိနိုင်ကြောင်း၊ ပြန်လည်လက်ခံရေးကို နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူညီချက်ပါ မူများအရ ပြန်လည် လက်ခံမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ပြီး ချက်ချင်းအကျိုးရှိမည့် လုပ်ငန်းများပါသလို ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ အစီရင်ခံစာပါ အခြေအနေနှင့် ယခုလက်ရှိ အခြေအနေ မတူကွဲပြားသွားသည်မျိုး ရှိကြောင်း၊ လက်ရှိ အခြေအနေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတွင် ပါဝင်သည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက မြေပြင်ကွင်းဆင်း လေ့လာပြီးဖြစ်၍ ၎င်းတို့ သုံးသပ်ချက်များကို အခြေခံကာ ပြည်သူကို လက်ငင်းအကျိုးပြုနိုင်မည့် အကြံပြုချက်များကို ဦးစားပေး အကောင်အထည်ဖော်မည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent