တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင် မောင်တောမြို့သို့ ရောက်ရှိ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင် မောင်တောမြို့သို့ ရောက်ရှိ
Published 21 September 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံတစ်ချို့မှ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရေး တင်ပြခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအာင်လှိုင်သည် မောင်တောမြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ဒေသခံများ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသော အဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကာချုပ် ဒီကနေ့ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းကို ရောက်လာပြီး ဒေသခံတစ်ချို့နဲ့ တွေ့ဆုံခဲ့တယ်။ အထူးသဖြင့် ဒေသခံတွေရဲ့ အသံကို နားထောင်ခဲ့တယ်။ ကာချုပ်ကြီး ပြောသွားတာက ဒီမှာဖြစ်နေတဲ့ အခင်းအကျင်းဟာ တစ်ခြားဒေသမှာ ဖြစ်နေတဲ့ အခင်းအကျင်းနဲ့ မတူဘူး။ ကချင်မှာဖြစ်နေတာ၊ ရှမ်းမှာ ဖြစ်နေတာနဲ့ မတူတဲ့အကြောင်းကို ပြောသွားတယ်။ ဒေသခံတွေက တင်ပြစရာရှိရင် တင်ပြဖို့ ပြောတဲ့အခါ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး မကောင်းတာတို့၊ နယ်စပ်ခြံစည်းရိုးနဲ့ လုံခြုံရေးကဏ္ဍတွေကို တင်ပြခဲ့တယ်။ ကျွန်တော့်အနေနဲ့ တင်ပြတာကရှိရင် နယ်စပ်ခြံစည်းရိုးဟာ တကယ်အရေးကြီးတယ်။ နယ်စပ်ခြံစည်းရိုးကောင်းကောင်း လိုအပ်တယ် ဆိုတာကို အဓိက တင်ပြတယ်။ ပြီးတော့ ဆက်သွယ်သွားလာတဲ့ လမ်းတွေကို လုပ်ပေးဖို့ တင်ပြတယ်။ ဒေသခံတွေ ရွာပြန်တဲ့အခါ တစ်ချို့ကျေးရွာတွေဆိုရင် လုံးဝမီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ ရွာတွေရှိတယ်။ သူတို့တွေ ရွာကိုမပြန်နိုင်သေးတဲ့အတွက် သူတို့အတွက် စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ စီစဉ်ပေးဖို့ တင်ပြတယ်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ပြောသွားတာကတော့ နယ်စပ်ခြံစည်းရိုးကို ကာသွားဖို့ရှိတယ်။ နယ်စပ်ခြံစည်းရိုး တစ်လျှောက်မှာ လမ်းတွေကို လုပ်သွားဖို့ရှိတယ်။ အငူမော်ကနေ တောင်ပြိုအထိလမ်းတွေကို လုပ်သွားဖို့ရှိတယ်။ ပြီးရင် ရသေ့တောင်-အငူမော်ဘက်ကနေ ပတ်ပြီးတော့ လမ်းတစ်လမ်း ဖောက်သွားဖို့ရှိတယ် ဆိုတာကို ပြောသွားတယ်။ ဒီကနေ့ တင်ပြလိုက်ရတဲ့ အပေါ်မှာ အားရကျေနပ်မိပါတယ်”ဟု မောင်တောမြို့သို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသူ ကိုဝေဟင်အောင်က ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စက်တင်ဘာ ၁၉ ရက်က ရောက်ရှိခဲ့ပြီး ဘူးသီးတောင်၊ မောင်တော ဒေသများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent