ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အင်ဂျင်နီယာများအား အရေးယူနိုင်ရန် ဆောင်ရွက်နေဟုဆို

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အင်ဂျင်နီယာများအား အရေးယူနိုင်ရန် ဆောင်ရွက်နေဟုဆို
Published 21 September 2017

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့် လုပ်ငန်းများကို ဖျက်သိမ်းရန် လိုအပ်ပါက ဖျက်သိမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အင်ဂျင်နီယာများကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင် ပြောကြားသည်။

လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်သည့်လမ်းများတွင် စံချိန်စံညွှန်း မမီဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး စစ်ဆေးအရေးယူရန် ရှိ မရှိ သိလိုကြောင်း” မေးခွန်းနှင့်ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အဆောက်အအုံတွေ ဆောက်လုပ်ခွင့် လျှောက်တဲ့အခါပဲဖြစ်ဖြစ်၊ မြေပြင်မှာ ကြီးကြပ်ဆောင်ရွက်မယ့် အခါပဲဖြစ်ဖြစ်၊ အဆောက်အအုံခိုင်ခံ့မှုအတွက် တာဝန်ခံရတဲ့ လိုင်စင်ရ အင်ဂျင်နီယာ ဆောက်လုပ်မယ့် ပုံစံမှာ တစ်ခါတည်း လက်မှတ်ရေးထိုး တင်ပြရတယ်။ ရေးထိုးတင်ပြတဲ့အခါမှာ လိုင်စင်ရ အဆောက်အအုံရဲ့ အသေးစိတ်တွက်ချက် တင်ပြမှုကို ရန်ကုန်မြို့တော်စည်ပင်က အင်ဂျင်နီယာဌာန အဆောက်အအုံရဲ့ အင်ဂျင်နီယာတွေက အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုချင်ရရှိတဲ့ အဆောက်အအုံတွေ နောက်စည်ပင်သာယာရေးကော်မတီ ကခွင့်ပြုထားတဲ့ စံချိန်စံညွှန်းအတိုင်း ဆောက်လုပ်ဖို့အတွက်လည်း လုပ်နေဆဲကာလမှာ ကြီးကြပ်ဆောင်ရွက်ရပါတယ်။ ခွင့်ပြုပုံစံပါ စံချိန်စံညွှန်းအတိုင်း လမ်းတံတားအင်ဂျင်နီယာက ကြီးကြပ်ဆောက်လုပ်ခြင်း ရှိ မရှိ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ နောက် ခရိုင်၊ မြို့နယ်များအလိုက် တာဝန်ပေးထားတဲ့ ခရိုင်အင်ဂျင်နီယာမှူးတွေ၊ မြို့နယ်စစ်ဆေးရေး အင်ဂျင်နီယာတွေက လုပ်ငန်းတွေကို အပိုင်းလိုက်စစ်ဆေးပြီး စံချိန်စံညွှန်းနဲ့အညီ လုပ်ထားမှ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခွင့်ပြုနေခြင်း ဖြစ်ပါတယ်။ စံချိန်စံညွှန်းနဲ့ မညီတာကို စစ်ဆေးတွေ့ရှိလို့ရှိရင်လည်း ဆောင်ရွက်ဆဲလုပ်ငန်းကို တားမြစ်ပြီး ပြန်လည် ဖြည့်ဆည်းဖို့အတွက် ပြင်ဆင်တယ်။ နောက်ပြီးတော့ ဖျက်သိမ်းဖို့ လိုအပ်ရင်လည်း ဖျက်သိမ်းပြီးမှ ပြန်ဆောက်ဖို့ အရေးယူဆောင် ရွက်ဖို့လိုအပ်ရင် သက်ဆိုင်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်ရော၊ အင်ဂျင်နီယာရော အရေးယူဆောင်ရွက်ဖို့ လုပ်နေပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း လမ်းများ အရည်အသွေးမြှင့်တင်သွားရန်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လမ်းများ ပျက်စီးပြီး ပြင်ဆင်စားရိတ်များပြားမှုကြောင့် အလေအလွင့်များဖြစ်ပွားနေကြောင်း ထို့ကြောင့် လမ်းများပြုပြင်ရာတွင် စနစ်တကျ စံချိန်စံညွှန်းမီရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ဒီနှစ်မှာ ရန်ကုန်တိုင်းအတွက် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်မှာ လမ်းနဲ့ပတ်သက်ပြီးတော့ အရည်အသွေးကို မြှင့်တင်ဖို့ဆိုပြီးတော့ လမ်းညွှန်ထားတာရှိပါတယ်။ အဲဒီအတွက်လည်း လမ်းညွှန်ချက်နဲ့အညီ လမ်းတွေရဲ့ အရည်အသွေးကို မြှင့်ဖို့ရှိပါတယ်။ သို့သော် လမ်းရဲ့ သဘောအရ ပြောပါမယ်။ လမ်းက ဘယ်လောက်ပဲခင်းခင်းပေါ့။ သဘာဝရာသီဥတုကြောင့် အဓိကမိုးရေကြောင့်၊ ပျက်စီးတတ်ပါတယ်။ သဘာဝအန္တရာယ်များအရလည်း ပျက်စီးမှုများလာလေလေ ပြင်စရိတ်လည်း များလာလေလေ၊ အလေအလွင့်လည်း များလာလေလေ ဆက်စပ်မှုဖြစ်လာပါတယ်။ အဲဒါကို စည်းကမ်းတကျနဲ့ စနစ်တကျ စံချိန် စံညွှန်းမီအောင်လုပ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

Most Read

Most Recent