အမျိုးသားရေးသပိတ်မှ ဦးဆောင်သံဃာ ခြောက်ပါးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသော ရုံးချိန်းတွင် တရားလို ခရိုင်သာသနာရေး ဦးစီးမှူးကိုသာ ဆက်လက်စစ်ဆေး

အမျိုးသားရေးသပိတ်မှ ဦးဆောင်သံဃာ ခြောက်ပါးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသော ရုံးချိန်းတွင် တရားလို ခရိုင်သာသနာရေး ဦးစီးမှူးကိုသာ ဆက်လက်စစ်ဆေး
Published 21 September 2017

အမျိုးသားရေးသပိတ်မှ ဦးဆောင်သံဃာများအား ရုံးထုတ်လာစဉ်

မန္တလေးမြို့ အမျိုးသားရေးသပိတ်မှ ဦးဆောင်သံဃာ ခြောက်ပါးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသော အမှု၏ စက်တင်ဘာ ၂၀ ရက် ရုံးချိန်းတွင် တရားလို ခရိုင်သာသနာ ရေးဦးစီးမှူး ဦးတင်မောင်အေးကိုသာ ဆက်လက်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင်လည်း ၎င်းကိုပင် ဆက်လက်စစ်ဆေးရမည်ဟု သိရသည်။

“ဒီကနေ့ရုံးချိန်းမှာ တရားလို ခရိုင်သာသနာရေးမှူးကိုပဲ ဆက်လက်စစ်ဆေးပါတယ်။ ဒါပေမဲ့ စစ်ဆေးနေတုန်းမှာပဲ တချို့သက်သေခံတင်သွင်းတဲ့ အချက်လက်တွေ လိုအပ်ချက်ရှိလို့ ပြန်တင်ပြခိုင်းထားတာမျိုး တွေရှိတယ်။ နောက်ရုံးချိန်းမှာလည်း သူ့ကိုပဲ ဆက်လက်စစ်ဆေးရအုံးမှာ ဖြစ်ပါတယ်” ဟု ချမ်းမြသာစည် မြို့နယ်တရားရုံး ပြန်ကြားရေး အရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဦးကျော်စွာလင်းက အမှုနှင့်ပတ်သက်ပြီး မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်း လုံးဥသျှောင်ရပ်ကွက်၊ ဘုရားကြီး အနောက်ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက်၂ နာရီ ၁၅ မိနစ်က တိုင်းဒေသကြီးအစိုးရ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီး နှစ်ဦးအား ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးကာ သြဂုတ်၂၃ ရက်၊ စက်တင်ဘာ ၆ ရက်တို့တွင် စစ်ဆေးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်စခန်းဦးဆောင် သံဃာရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုပြုလုပ် စွဲဆိုထားသလို ဦးကျော်မျိုးရွှေပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီး စွဲဆိုထားခြင်းဖြစ်သည်။

သပိတ်စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင် အမှတ် ၉/မထလ(သ)၀၀၂၇၅၃၊ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်း ရပ်၊ မိတ္ထီလာမြို့၊ ဦးဝိဝေကာနန္ဒ (၂၉နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန(သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက(၂၆နှစ်၊ ငါးဝါ၊ သာသနာဝင် အမှတ် ၉/ခမခ(သ)၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ဝါ၊ သာသနာဝင် အမှတ် ၉/ညဥန (သ) ၀၀၁၂၁၈ (မည်သည့် အဖွဲ့ဝင်မှ မဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ(သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ် ၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင် အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁နှစ်၊ ၂၀ ဝါ၊ သာသနာဝင် အမှတ်  ၉/မဟမ(သ)၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။

 

Most Read

Most Recent