ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာအောင်ကိုလတ် ရိုက်ကူးသည့် 'ကယန်း အလှ' ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသမည်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာအောင်ကိုလတ် ရိုက်ကူးသည့် 'ကယန်း အလှ' ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသမည်
Published 20 September 2017

ကယန်းအလှရုပ်ရှင်၏ ဇာတ်ဝင်ခန်းတစ်ခု

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးသည့် 'ကယန်းအလှ' ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 'ကယန်းအလှ' ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီထူးချွန်ဆုများ ရရှိထားသည့် ဇာတ်ကားတစ်ကားဖြစ်ပြီး ကယန်းတိုင်းရင်းသားတို့၏ ဘဝနေထိုင်မှုသာမက လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အသိပညာပေး ပုံဖော်ထားသည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားကို “Tingin: Southeast Asia Through The Eyes of Cinema” အစီအစဉ်၌ ပြသရန် ရွေးချယ်ခံထားရခြင်း ဖြစ်သည်။

“ဖိလစ်ပိုင်နိုင်ငံမှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ ကယန်းအလှ ဇာတ်ကားပြသဖို့ ရွေးချယ်ခံထားရပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို ဖိလစ်ပိုင် အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာကော်မရှင်က ကြီးမှူးပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေတစ်နိုင်ငံကို ရုပ်ရှင်ဒါရိုက်တာ တစ်ဦး တက်ရောက်ဖို့လည်း ဖိတ်ကြားတဲ့ပွဲတော်ပါ။ မြန်မာနိုင်ငံက ဒါရိုက်တာအောင်ကိုလတ် တက်ရောက်မှာဖြစ်ပြီး ကယန်းအလှဇာတ် ကားပြသပါမယ်။ အခုနောက်ပိုင်းမှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေက မြန်မာဇာတ်ကားတွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ကြပါတယ်။ ရုပ်ရှင်အစည်းအရုံးကလည်း ဖိတ်ခေါ်ပေးပေမယ့် အခုနောက်ပိုင်း မြန်မာဇာတ်ကားတွေမှာ အင်္ဂလိပ်စာတန်းရေးထိုးတာတွေ အရမ်းနည်းပါးသွားတယ်။ အဲဒီအတွက် ဇာတ်ကားပေးပို့ဖို့ တော်တော်လေးခက်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဇာတ်ကားရဲ့ အကြောင်းအရာပိုင်းဆိုရင်လည်း နိုင်ငံတကာမှာ မျက်နှာပန်းလှနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ဖို့ လိုအပ်တဲ့အတွက် အဲဒီလိုအရည်အသွေးမျိုး၊ စာတန်းထိုးဇာတ်ကားမျိုးတွေ များများရှိလာမှလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတွေကို ပေးပို့ နိုင်မှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ဆိုသည်။

'ကယန်းအလှ' ရုပ်ရှင်ဇာတ်ကား သွားရောက်ပြသမည့် ဖိလစ်ပိုင်နိုင်ငံ ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ဇာတ်ကားများ ပါဝင်ပြသမည်ဖြစ်ကာ တစ်နိုင်ငံလျှင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးစီ တက်ရောက်ရန်လည်း ဖိတ်ကြား ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent