နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှု နိုင်ငံတစ်ဝန်းရှိ မြို့များတွင် LED Board များဖြင့်ပြသရာ ပြည်သူများ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှု နိုင်ငံတစ်ဝန်းရှိ မြို့များတွင် LED Board များဖြင့်ပြသရာ ပြည်သူများ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှု
Published 20 September 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားနေသည်ကို LED မှတစ်ဆင့် မန္တလေးမြို့တွင် ကြည့်ရှုနေကြစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ပြောကြားခဲ့သည့် နိုင်ငံတော် အခြေပြမိန့်ခွန်းကို နိုင်ငံတစ်ဝန်းရှိ မြို့များတွင် LED Board များဖြင့် ပြည်သူများက စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် LED မှတစ်ဆင့်ပြသခဲ့ရာ ပြည်သူထောင်ဂဏန်းခန့် လာရောက်နားထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန့်ခွန်းပြောကြားမှုကို NLD ပါတီဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများအပြင် ပြည်သူများ လာရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုနှင့် ပတ်သက်ပြီး လာရောက်နားထောင်သူ အမျိုးသားတစ်ဦးက “ဒီနေ့ ကျွန်တော်တို့ လူထုခေါင်းဆောင်က တိုင်းပြည်ကို မိန့်ခွန်းပြောမယ်ဆိုလို့ မနက်အစောကြီးကတည်းက မြို့တော်ခန်းမရှေ့မှာ လာစောင့်ပြီး နားထောင်နေတာပါ။ ဒီမှာက လာနားထောင်တဲ့ လူတွေကလည်း အများကြီးဆိုတော့ ပျော်စရာကြီး။ အခုက အင်္ဂလိပ်လို ပြောသွားတော့ သိပ်တော့နားမလည်ဘူး။ မြန်မာ့အသံကတော့ မြန်မာစာတန်းထိုးနဲ့ ပြန်လွှင့်မယ်ပြောတယ်။ အဲဒီအခါကျမှပဲ အိမ်မှာ သေချာပြန်နားထောင်တော့မယ်” ဟုပြောကြားသည်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် LED မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်း အစနှင့်အဆုံးတွင် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ တေးသီချင်းများြ့ဖင့် ကခုန်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မန္တလေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား LED ဘုတ်ဖြင့်ပြသခြင်းကို စက်တင်ဘာ ၁၉ ရက်က မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပြသခဲ့သည်။

မန္တလေးမြို့ရှိ ပြည်သူအမြာက်အမြား လာရောက်ကြည့်ရှုခဲ့ကြပြီး တိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိ ၅၀၊ အခြားအဆင့် ၂၀၀ စုစုပေါင်းရဲအင်အား ၂၅၀ ဖြင့် လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုံရွာ

LED မှတစ်ဆင့် မုံရွာမြို့တွင် ကြည့်ရှုနေကြသည့် ပြည်သူများ (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းအား လာရောက်နားထောင်သူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအား မုံရွာမြို့လယ်ကောင်ရှိ နာရီစင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြသခြင်းကို မုံရွာမြို့ အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

“မုံရွာ အရပ်ဘက်အဖွဲ့အစည်းက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်တယ်။ ကျွန်တော်တို့ဟာ နိုင်ငံတော်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တစ်သားတည်း ရပ်တည်နေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ ၁၀ ဖွဲ့ပါ။ ဒါပေမဲ့ မုံရွာမြို့ ပြည်သူလူထုရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒီပွဲကိုလုပ်ခဲ့ကြတာပါ” ဟု ဦးဆောင်ကျင်းပသူ ဦးကျော်မိုးလှိုင် (Chindwin Institute-ဒါရိုက်တာ) ကပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့၊ မုံရွာမြို့ခံများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။

လာရောက်နားထောင်သူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းမလာမီ မိနစ်အနည်းငယ်အလိုတွင် နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆိုခဲ့ကြကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး အထူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့်မိန့်ခွန်းကို မကွေးမြို့တွင် LED Board ဖြင့်ပြသရာ မကွေးမြို့ခံ ပြည်သူအများအပြား လာရောက်ကြည့်ရှု နားထောင်ခဲ့ကြကြောင်း သိရသည်။

ကလေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို ကလေးမြို့တွင် LED Board ဖြင့်ပြသရာ ကလေးမြို့ခံ ပြည်သူအများအပြား လာရောက်ကြည့်ရှုနားထောင်ခဲ့ကြကြောင်း သိရသည်။

မြဝတီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို မြဝတီမြို့တွင် LED Board ဖြင့်ပြသရာ မြဝတီမြို့ခံ ပြည်သူအများအပြား လာရောက်ကြည့်ရှုနားထောင်ခဲ့ကြကြောင်း သိရသည်။

ပဲခူး

နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအား ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်ခြေရင်းရှိ ယာဉ်ရပ်နားကွင်းတွင် ပဲခူးမြို့ရှိ ပြည်သူပြည်သားများနှင့် ပဲခူးမြို့အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများပါ လာရောက်ကြည့်ရှုနားထောင်ခဲ့ကြောင်း သိရသည်။

ပုသိမ်

ပုသိမ်မြို့တွင် မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ပြသစဉ် မီးပြတ်တောက်ခဲ့စဉ် မြင်ကွင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့ရှိ LED Board ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေစဉ် လျှပ်စစ်ဌာနက သစ်ပင်ခုတ်လှဲမှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့မှုအပေါ် ဒေသခံများ မကျေနပ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် ရွှေပုသိမ်ကုမ္ပဏီဝင်းအတွင်း ထရန်စဖော်မာ တည်ဆောက်သည့်နေရာနှင့် မလွတ်ကင်းသော သစ်ပင်အား ခုတ်လှဲရာတွင် ဓာတ်ကြိုးနှင့်ငြိသောကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“အခမ်းအနား ထုတ်လွှင့်နေချိန်မှာ မီးပြတ်သွားတယ်။ ပထမထင်လိုက်တာကတော့ တစ်မြို့လုံးအတိုင်းအတာများ ပြတ်တာလားလို့ ထင်လိုက်တယ်။ နောက်မှသိလိုက်ရတာက ဆက်သွယ်ရေးရှေ့မှာ အပင်တွေကိုခုတ်ချပြီး သစ်ကိုင်းချိုးချကာ မီးပိတ်လိုက်တာမျိုးဖြစ်သွားတယ်။ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဒီအခမ်းအနားလုပ်နေချိန် အနီးအနားမှာပဲ ဒီအပင်ကြီးကို လာခုတ်တာ မဖြစ်သင့်တဲ့အရာမျိုး ဖြစ်နေပါတယ်။ တကယ်လို့များ အပင်တွေခုတ်မယ်ဆိုရင် ပြည်သူကို အကြောင်းကြားတာရှိတယ်။ ပိတ်ရက်တွေမှာ ခုတ်တာများပါတယ်။ ဒါကြီးကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ပြည်သူပြည်သားတွေက အမေစုမိန့်ခွန်းကို လာပြီးတကူးတက အားပေးတယ်။ ဒီလိုအချိန်မှာ ဒီလိုမျိုးမဖြစ်သင့်ပါဘူး” ဟု မိန့်ခွန်းအား လာရောက်အားပေးခဲ့သည့် သဒ္ဓါဖြူ သွေးလှူရှင်အသင်းမှ အမှုဆောင် ဦးမောင်မောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်း တိုက်ရိုက်ထုတ်လွင့်နေချိန် ဒေသခံများ လာရောက်ကြည့်ရှုအားပေးနေစဉ် မိန့်ခွန်းတစ်ဝက်ခန့်အရောက် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရပ်တန့်သွားခဲ့ကြောင်း၊ လျှပ်စစ်မီး ပြန်လာချိန်တွင် မိန့်ခွန်းမှာ ပြီးဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“နိုင်ငံရေးမှာ တိုက်ဆိုင်မှုမရှိဘူး။ လုပ်ကြံမှုပဲရှိတယ်။ တိုင်းသိပြည်သိ ကြေညာပြီး လုပ်နေတဲ့ပွဲမှာ ဒီလိုဖြစ်တာကို မကျေနပ်ပါဘူး။ သေချာစုံစမ်းဖော်ထုတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံဖို့ လိုအပ်ပါတယ်” ဟု ပုသိမ်မြို့ခံ ဦးသူနေအောင်က ပြောကြားသည်။

အဆိုပါ လျှပ်စစ်ပြတ်တောက်မှု စပ်လျဉ်း၍ “ကျွန်တောာ်တို့ဘက်ကတော့ ဒီဟာက တကယ်ကိုမသိလို့ လုပ်လိုက်တာပဲ။ ဟိုမှာပေးထားတာမသိလို့ လုပ်လိုက်တာပဲ။ အခုဟိုမှာ မီးပြတ်သွားတယ်ဆို DE ကလည်း ကျွန်တော့်ဆီဖုန်းဆက်တယ်။ သိသိချင်း ကျွန်တော်တို့လည်း သစ်ပင်ခုတ်တာ ရပ်လိုက်ပြီး မီးချက်ချင်းတင်လိုက်ဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင်အောင်မိုးက ပြောကြားသည်။

အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအား ည ၈ နာရီတွင် ထပ်မံထုတ်လွင့်မှုကို ပြန်လည်ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို ဟုမ္မလင်းမြို့တွင် LED Board ဖြင့်ပြသရာ ဟုမ္မလင်းမြို့ခံ ပြည်သူအများအပြား လာရောက်ကြည့်ရှုနားထောင်ခဲ့ကြသည်။

လားရှိုး

လားရှိုးမြို့တွင် LED ဖြင့်ပြသမှု စက်ချို့ယွင်းမှုကြောင့် အရုပ်မပါဘဲ အသံသာ နားထောင်ခဲ့ရစဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမအနီးရှိ LED Board တွင် ပြသရန်စီစဉ်ခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားချိန်တွင် စက်ချို့ယွင်းမှုကြောင့် ရုပ်ပြသနိုင်ခဲ့ခြင်းမရှိဘဲ အသံကိုသာ နားထောင်ခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှု တိုက်ရိုက်ထုတ်လွှင့်မှုအား လားရှိုးမြို့ရှိ ဒေသခံများ လာရောက်ကြည့်ရှုခဲ့ကြသော်လည်း LED စက်ချို့ယွင်းမှုကြောင့် မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့်သာ တိုက်ရိုက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို မော်လမြိုင်မြို့ကမ်းနားလမ်း ညဈေးတန်းရှိ LED Board တွင်ပြသရာ မော်လမြိုင်မြို့ခံ ပြည်သူအများအပြား လာရောက်ကြည့်ရှု နားထောင်ခဲ့ကြကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့်မိန့်ခွန်းမှာ ရခိုင်ဒေသမှာလက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းကိစ္စတွေကို အဓိကထား ပြောကြားမယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိန့်ခွန်းကို အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားတာကလည်း နိုင်ငံတကာကို အဓိကပစ်မှတ်ထားတယ်လို့ မြင်တယ်။ မြန်မာဘာသာနဲ့ပြောလိုက်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဘာသာပြန်လွဲမှားမှုတွေ ဖြစ်နိုင်တယ်လေ။ အဲဒီအတွက်ကြောင့် အင်္ဂလိပ်လို မိန့်ခွန်းပြောတာလို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်သွားမှာပါ” ဟု မော်လမြိုင်မြို့ခံ ကိုကျော်စွာက ပြောကြားသည်။

မြိတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို မြိတ်မြို့တွင် LED Board ဖြင့်ပြသရာ မြိတ်မြို့ခံများ လာရောက်ကြည့်ရှုနားထောင်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်

LED မှတစ်ဆင့် ထားဝယ်မြို့တွင် ကြည့်ရှုနေကြသည့် ပြည်သူများ (ဓာတ်ပုံ-ဖြိုးဇင်)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြိတ်တန်းလမ်းဆုံရှိ LED Board တွင်ပြသခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းအား ထားဝယ်ဒေသခံ ၅၀၀ ကျော် လာရောက်နားထောင်ခဲ့ကြောင်း သိရသည်။

မိန့်ခွန်းပြောကြားမှု အစီအစဉ်မစတင်မီ နိုင်ငံတော်သီချင်း ဖွင့်လှစ်ပြီး ပြိုင်တူသီဆိုကာ အလေးပြုခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့တော်များဖြစ်သော ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များအပြင် ကျန်မြို့နယ်များတွင်လည်း မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်မှုကို လူစည်ကားရာနေရာများတွင် ပြသခဲ့ကြပြီး ဒေသခံအများအပြား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တောင်ကြီး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းအား တောင်ကြီးမြို့ မြို့မဈေးအရှေ့ဘက်တွင် LED ဖြင့်ပြသရာ မိုးရေထဲတွင် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

တောင်ငူ

စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုကို တောင်ငူမြို့ အရှေ့ဘက်မုခ်ဦးရှိ LED မှတစ်ဆင့်ပြသရာ တောင်ငူမြို့ခံ ပြည်သူ ၁၀၀၀ ခန့် လာရောက်ကြည့်ရှု နားထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါမုခ်ဦးနေရာတွင် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများဖြင့် လုံခြုံရေးနှင့် ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ကြပြီး မြို့ခံပြည်သူများနှင့် NLD ပါတီဝင်များလည်း လာရောက်နားထောင်ခဲ့ကာ ခွပ်ဒေါင်းအလံနှင့် အောင်ဆန်းစုကြည်စာတန်းပါ နဖူးစည်းများဝတ်ဆင်၍ နားထောင်ခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုတွင် မြန်မာလို ဘာသာပြန်ပေးထားခြင်း မရှိသောကြောင့် လာရောက်နားထောင်သူများ အပြည့်အစုံ နားမလည်သောကြောင့် မြန်မာဘာသာပြန်အား ထည့်သွင်းပေးလိုကြောင်း မြို့ခံအချို့က ပြောကြားသည်။

ပခုက္ကူ

ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံအနီး ရိပ်သာလမ်းမပေါ်တွင် LED ဖြင့်ပြသနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား မြို့ခံများမိုးရွာထဲတွင် လာရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။

ပြည်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် စက်တင်ဘာ ၁၉ ရက်က LED Board ဖြင့်ပြသနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြို့ခံပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် LED ဖြင့်ပြသစဉ် (ဓာတ်ပုံ-သားရွှေဦး)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအား ရခိုင်ပြည်နယ် စစ်တွေမြို့တွင် LED ဖြင့် ဦးဥတ္တမခန်းမတွင် ပြသရာ လာရောက်နားထောင်သူ နည်းပါးကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့၊ ဒေသခံအချို့ လာရောက်နားထောင်ခဲ့ကြသည်။

ဘားအံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြမိန့်ခွန်းအား ဘားအံမြို့ ဘားအံတက္ကသိုလ်အနီး ဗိုလ်ချုပ်လမ်းမတွင် LED ဖြင့်ပြသရာ လာရောက်ကြည့်ရှုနားထောင်သူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။

အဆိုပါ မိန့်ခွန်းပြောကြားမှုကို လာရောက်ကြည့်ရှု နားထောင်သူများအား ဒေါ်အောင်ဆန်းစုကြည်ပုံပါ စတေကာတံဆိပ်များ၊ NLD တံဆိပ်ပါ ခေါင်းစည်းပုဝါများအား အခမဲ့ဝေခဲ့ကြောင်း သိရသည်။

မြောင်းမြ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ပြောကြားခဲ့သည့် မိန့်ခွန်းကို မြောင်းမြမြို့ နောင်ရိုးခန်းမတွင် LED Board ဖြင့်ပြသရာ မြောင်းမြမြို့ခံ ပြည်သူများ လာရောက်ကြည့်ရှုနားထောင်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent