အညာဒေသ၏ ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သည့် မော်ဓောမြင်သာ မြို့ထောင့်စေတီ (၂၀၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပြီး ယခင်နှစ်များထက် စည်ကားမှုနည်းပါး

အညာဒေသ၏ ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သည့် မော်ဓောမြင်သာ မြို့ထောင့်စေတီ (၂၀၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပြီး ယခင်နှစ်များထက် စည်ကားမှုနည်းပါး
Published 20 September 2017

ရွှေဘိုမြို့ထောင့်စေတီ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

အညာဒေသ၏ ထင်ရှားသည့် ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် (၂၀၃) ကြိမ်မြောက် မော်ဓောမြင်သာမြို့ထောင့်စေတီ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပလျက်ရှိပြီး ယခုနှစ်ပွဲတော် ရက်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်း ဆူပူမှုကို ဖန်တီးလိုသူများ၏ ကောလဟာလ ဖြန့်ဝေသည့် သတင်းများကြောင့် ယခင်နှစ်ပွဲတော် ကာလများထက် စည်ကားမှု နည်းပါးလျက်ရှိကြောင်း စုံစမ်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် နှစ်စဉ်တော်သလင်းလပြည့်ကျော် ၈ ရက်မှ သီတင်းကျွတ်လဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိသည့် မော်ဓေါမြင်သာ မြို့ထောင့်စေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ယခုနှစ်တွင် (၂၀၃)  ကြိမ်မြောက်အဖြစ် အစဉ်အလာမပျက် ကျင်းပလျက်ရှိပြီး ယခင်နှစ်ထက် စည်ကားမှု နည်းပါးသဖြင့် ပွဲတော်သို့ လာရောက်ဈေးရောင်းချသည့် ဆယ်နှစ်ပွဲဈေးသည်အချို့မှာ ရောင်းချရမှု နည်းပါးနေကြောင်း သိရသည်။ ထို့ပြင် ယခုနှစ် ဘုရားပွဲတော်အား လုံခြုံရေး အထူးပြင်ဆင်ထားသည့်အပြင် ရာသီတုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ဆေးခန်းများ ဖွင့်လှစ်ပေးထားကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

“ဒီနှစ် ဘုရားပွဲတော်ကတော့ ပွဲတော်ဖြစ်မြောက်ရေးအတွက် အများကြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ပွဲတော်အတွက် လုံခြုံရေးကိုလည်း အထူးဂရုစိုက်ထားသလို ကျန်းမာရေး အတွက်လည်း ခရိုင်ကျန်းမာရေး အဖွဲ့ကနေ ကွင်းဆင်းဆောင်ရွက် ပေးနေပါတယ်။ ပွဲတော်မှာ ရောင်းချနေတဲ့ဆိုင်ခန်း စုစုပေါင်းကတော့ ၁၇၀၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာမှ ရိုးရိုးခန်း၊ အထူးခန်းဆိုပြီး ခွဲခြားထားပါတယ်။ စေတီအောက်မှာက ဈေးဆိုင်ခန်းတွေ၊ ဇာတ်ရုံတွေနဲ့ ကားဆိုင်ကယ်အပ်တဲ့နေရာ၊ ရေချိုးခန်းအိမ်သာ ပျံကျဈေးတွေကို လေလံစနစ်နဲ့ လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဒီနှစ်ပွဲတော်ကတော့ အရင်နှစ်ကလောက်တော့ လူကသိပ်မစည်သေးဘူး။ အခါတိုင်းနှစ်တွေဆိုရင် လူတွေရော ကားတွေရော တိုးလို့မပေါက်ပါဘူး။ ဒီနှစ်က မိုးရွာတာလဲပါတော့ အချို့ကျေးရွာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေလည်းပါမယ်။ အခြားအကြောင်းအရာ လေးတွေလည်း ရှိနိုင်တာပေါ့။ အခါတိုင်းနှစ်တွေမှာဆို လူတွေရော ကားတွေရော လမ်းပိတ်ဆို့မှုတွေ ဖြစ်တဲ့အထိ စည်ကားပါတယ်။ ဒီနှစ်ပွဲတော် ဖြစ်မြောက်ရေးအတွက် သြဝါဒစရိယ ဆရာတော်ကြီးတွေ အပါအဝင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နဲ့ ဝိုင်းဝန်းဆောင်ရွက် ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်” ဟု မော်ဓောမြင်သာ မြို့ထောင့်စေတီ ဘုရားဂေါပက ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးထွန်းအောင်က ပြောကြားသည်။

“ဒီနှစ်က လူပါး (လူနည်း) တော့ ဈေးကအရင်နှစ်ကလို ရောင်းလို့မကောင်းဘူး။ မိုးကနေ့တိုင်းရွာနေတာ။ ဘုရားပွဲတော်မှာ ဘာဖြစ်မယ် ညာဖြစ်မယ်လို့ အသံတွေ လွှင့်နေကြတော့ တချို့က မလာကြတော့ဘူးလို့လည်း ကြားရတယ်။ ကျွန်မတို့က နှစ်စဉ်ဒီဘုရားပွဲတော်ကို ဈေးလာရောင်းချနေကျပါ။ ဒီနှစ်ကတော့ မိုးရွာနေတော့ လူကလည်း ပါးတယ်” ဟု တောင်သူသုံးပစ္စည်းများ လာရောက်ရောင်းချသူ တစ်ဦးက ဆိုသည်။

အညာဒေသ၏ ထင်ရှားသည့်ပွဲတော် တစ်ခုဖြစ်သည့် မော်ဓောမြင်သာ မြို့ထောင့်စေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ဈေးသည်များ လာရောက် ဈေးရောင်းချကြပြီး တောင်သူအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထွန်တုံး၊ ထယ်၊ ဓား၊ ထမ်းပိုးကြီး၊ ကြိမ်၊ ထန်းခေါက်တောင်း အမျိုးမျိုး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများအပြင် အခြားအသုံးအဆောင် ပစ္စည်းများ၊ အညာဒေသထွက် စောင်အမျိုးမျိုး အခင်းအမျိုးမျိုး၊ ကလေးကစားစရာ ပစ္စည်းများ၊ ကရေကရာ၊ ထိုးမုန့်နှင့် မုန့်အမျိုးမျိုး၊ အစရှိသည့် တောင်သူသုံး ပစ္စည်းမျိုးစုံ၊ လူသုံးကုန်ပစ္စည်း မျိုးစုံတို့ လာရောက်ရောင်းချကြပြီး အညာဒေသ တောင်သူများ၏ အားထားရသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

နှစ်စဉ် တော်သလင်းလပြည့်ကျော် ၈ ရက်မှ သီတင်းကျွတ်လဆန်း ၁ ရက်အထိ ကျင်းပသည့် မော်ဓောမြင်သာ မြို့ထောင့်စေတီ ဗုဒပူဇနိယပွဲတော်တွင် ကြည့်ချင်ပွဲများအဖြစ် ဇာတ်ပွဲများ၊ ခြင်းအလှခတ်ပွဲများ၊ ရုပ်ရှင်နှင့် ဂီတဖျော်ဖြေမှု၊ ဆက်ကပ်ဖျော်ဖြေမှု၊ မျက်လှည့်ပွဲ အစရှိသည့်တို့ ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent