ပန်းတောင်းမြို့နယ် တောင်ကုတ်-ပြည်ကားလမ်း ပုဂံကွဲရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ရာ ငါးဦးသေဆုံးပြီး သေဆုံးသူနှစ်ဦးအား တစ်ရက်ကြာမှ ထုတ်ယူနိုင်ခဲ့

ပန်းတောင်းမြို့နယ် တောင်ကုတ်-ပြည်ကားလမ်း ပုဂံကွဲရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ရာ ငါးဦးသေဆုံးပြီး သေဆုံးသူနှစ်ဦးအား တစ်ရက်ကြာမှ ထုတ်ယူနိုင်ခဲ့
Published 20 September 2017

တောင်ကုတ်-ပြည်လမ်း ပုဂံကျွဲရွာအနီး ချောက်ထဲသို့ ထိုးကျသွားခဲ့သည့် ခရီးသည်တင်ယာဉ်အား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဝေလင်း)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် တောင်ကုတ်- ပြည်ကားလမ်း ပုဂံကွဲရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ငါးဦးသေဆုံးကာ နောက်ဆုံး သေဆုံးသူနှစ်ဦးအား တစ်ရက်ကြာမှ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းတောင်းမြို့နယ် တောင်ကုတ်- ပြည်ကားလမ်း ပုဂံကွဲရွာအနီး မိုင်တိုင်အမှတ်(၄၂/၆) တွင် စက်တင်ဘာ ၁၈ ရက် ည ၉ နာရီကျော်ခန့်က လမ်းအတက်တွင် ပေ ၂၀၀ ခန့်ရှိချောက်အတွင်း ထိုးကျသွားခဲ့ပြီး လိုက်ပါလာသည့် ခရီးသည် ၄၈ ဦးတွင် ကျားနှစ်ဦး၊ မသုံးဦး သေဆုံးကာ ဒဏ်ရာရရှိခဲ့သူ ၄၀ အား ဥသျှစ်ပင်ဆေးရုံနှင့် ပြည်ဆေးရုံကြီးတို့တွင် ဆေးကုသမှု ခံယူနေကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

“ဘုန်းကြီးပျံသွားဖို့ အော်ဒါလိုက်လာတဲ့သူတွေ။ ဒရိုင်ဘာက အရှိန်နဲ့တက်လာတော့ ကွေ့လိုမရဘဲ အောက်ကိုဆင်းသွားတာ။ ဒရိုင်ဘာရော စပယ်ရာရော ၅၂ ဦး ပါတယ်။ ဆုံးတာက ငါးဦး။ ကျန်တာကတော့ ပွန်းရုံ ပဲ့ရုံပဲပေါ့။ ဒရိုင်ဘာက ပေါင်ကျိုးတယ်။ ကျွန်တော်တို့လည်း ည ၁၀ နာရီက လိုက်လာတာ တစ်ညလုံးပါပဲ။ ဥသျှစ်ပင်၊ ပြည်ကနာကူ အဖွဲ့တွေက ဝိုင်းကူကြတယ်။ တောင်ကုတ်နာကူအဖွဲ့တွေ ကားဝင်းကလူတွေလည်း လာကြပါတယ်။ အမြဲတမ်းဖြစ်ကြတယ်။ ခဏခဏ ကြုံဘူးတယ်။ လမ်းအခြေအနေက အရမ်းမဆိုးပါဘူး။ ညတွေကျတော့ မြူဆိုင်းတယ်။ ကျွန်တော်တို့ ထင်တာကတော့ မြူဆိုင်းတယ်ထင်တယ်။ ကားချွတ်ယွင်းချက်ကြောင့်လည်း မဟုတ် လမ်းလည်းမဟုတ်ဘူး။ မြူဆိုင်းတယ်လို့ ထင်တယ်” ဟု လာရောက်ကူညီနေသည့် အဝေးပြေးကားဂိတ်မှူး တစ်ဦးဖြစ်သူ ဦးဖိုးကျော်က ပြောကြားသည်။

အဆိုပါ ခရီးသည်များမှာ တောင်ကုတ်မြို့နယ်၊ နတ်မှော်ကျေးရွာမှ ဒေသခံများဖြစ်ပြီး ဒလဘုန်းကြီးပျံသို့ သွားရောက်ရန်အတွက် ရဲအောင်လံကားအား စင်းလုံးငှားလာကြခြင်းဖြစ်ကာ ယင်းသို့ချောက်အတွင်း ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။

“မနေ့ ၉ နာရီကျော်လောက်မှာ ကားမှောက်တယ်လို့ သတင်းရတယ်။ ညပိုင်းဖြစ်တဲ့အတွက် အားလုံးဝိုင်းကယ် ကြပေမယ့် သေဆုံးသူ ငါးဦးမှာ သုံးဦးကို ညတွင်းချင်းပဲ ဥသျှစ်ပင်ဆေးရုံကို သယ်သွားတယ်။ ကျန်တဲ့ မတစ်ဦးနဲ့ ကျားတစ်ဦးကို ဒီနေ့ပြန်ပြီး ဆယ်ယူတယ်။ နောက်ဆုံး တစ်ယောက်ကိုတော့ ဒီနေ့ လယ် ၂ နာရီကျော်မှာ ထုတ်ယူနိုင်တယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ သေချာမသိရပေမယ့် ကျွန်တော်တို့ ကယ်ဆယ်ရေး လုပ်ပေးပါတယ်။ ပြည်တောင်ကုတ် လမ်းပိုင်းမှာ ၂၀၁၇ ခုနှစ်မှာဖြစ်တဲ့ အဆိုးရွားဆုံး ဖြစ်စဉ်ပါပဲ။ ဖြစ်တော့ဖြစ်ခဲတယ်။ ဒီလိုဆိုးဆိုးရွားရွား ဖြစ်ခဲတယ်” ဟု ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ကိုဝေဟိန်းက ပြောကြားသည်။

သေဆုံးသူငါးဦးတွင် နောက်ဆုံးကြွင်းကျန်ရစ်သည့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးအား စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်မှ ထုတ်ယူနိုင်ခဲ့ကြောင်း အရေးပေါ် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည့် မီးသတ်တပ်ဖွဲ့များထံမှ သိရသည်။

 

Most Read

Most Recent