ကလေးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေ များလာမှု၊ မြစ်သာမြစ်ရေ တိုးလာမှုကြောင့် အနိမ့်ပိုင်း ကျေးရွာများ၌ ရေဝင်ရောက်ပြီး လမ်းပျက်စီးမှု၊ ကမ်းပါးနံရံပြိုကျမှုများ ဖြစ်ပေါ်

ကလေးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေ များလာမှု၊ မြစ်သာမြစ်ရေ တိုးလာမှုကြောင့် အနိမ့်ပိုင်း ကျေးရွာများ၌ ရေဝင်ရောက်ပြီး လမ်းပျက်စီးမှု၊ ကမ်းပါးနံရံပြိုကျမှုများ ဖြစ်ပေါ်
Published 20 September 2017

နန်းကသည်းချောင်း ရေကြီးမှုကြောင့် မြောက်စည်းကျေးရွာရှိ ကမ်းထိန်းတာ ပေ ၁၀၀ ကျော် ပျက်စီးပြီး ရေအောက်မြုပ်သွားစဉ်

ကလေးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး တောင်ကျချောင်းရေ များလာမှု၊ မြစ်သာမြစ်ရေ တိုးလာမှုကြောင့် အနိမ့်ပိုင်းကျေးရွာများတွင် ရေဝင်ရောက်နေ ပြီး လမ်းပျက်စီးမှု၊ ကမ်းပါးနံရံ ပြိုကျမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

“အခုဟာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးကနေ ဇုန်အလိုက် တာဝန်ပေးထားတဲ့သူတွေက အဲဒီနေရာတွေမှာ ရှိနေကြပါတယ်။ ရွာကတော့ အန္တရာယ်ရှိတဲ့ မြစ်ကမ်းဘေးက အိမ်တစ်လုံးကိုဖျက်ပြီး ပြောင်းရွှေ့နေကြပါတယ်။ ကျန်တဲ့ရွာသူရွာသားတွေကတော့ မပြောင်းချင်ကြသေးဘူး။ ရေအခြေအနေ ကြည့်ပြီးတော့ ဒီနေ့ည အခြေအနေ ဆိုးရင်တော့ မြို့သာကျေးရွာလောက်မှ ကားနဲ့စောင့်ပြီး သယ်ယူပေးဖို့ ပြောပါတယ်။ ဒါက တောင် အူ/ဦးရွာပါ။ အခု မြောက်စည်းကို သွားနေပါ တယ်။ အဲဒီမှာလည်း ကမ်းထိန်းနံရံက ပေ ၁၀၀ လောက် ပျက်စီးသွားတယ် ပြောပါတယ်။ အနောက်မြောက်ဒေသဘက် အခြေအနေကိုလည်း သွားကြည့်မှာပါ။ အင်းစိန်ဘက်မှာတော့ ရေနည်းနည်း စဝင်နေပါပြီ။ ရေဝင်တာက အနိမ့်ပိုင်းနေရာတွေ မြစ်သာမြစ်ဘေးနေရာ၊ နန်းကသည်းချောင်းဘေး၊ နေရဉ္စရာမြစ်ဘေးရှိတဲ့ အနိမ့်ပိုင်းနေရာတွေ ရေဝင်နေတာပါ။ ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့တာတော့ မရှိပါဘူး။ ဖလမ်း၊ ဟားခါး ဘက်မှာလည်း မိုးများနေတယ်လို့ သတင်းရထားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

ချင်းတောင်နှင့် ချင်းတောင်ခြေဒေသတို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆယ်ကြီးချောင်း တောင်ကျချောင်းရေကြောင့် ဆယ်ကြီးတံတား ကမ်းကပ်ခုံ တိုက်စားခြင်းနှင့် အောင်မြင်သာ တံတားတွင်လည်း ကာကွယ်မှုများ ပြုလုပ်ထားရပြီး ဖောင်ကူး၊ တောင်အူ/ဦး၊ ပြင်သာ၊ အင်းစိန် စသည့်ကျေးရွာများရှိ အနိမ့်ပိုင်းများတွင် ရေဝင်ရောက်လျက်ရှိကာ ပြင်သာကျေးရွာတွင် ကမ်းပါးပြိုမှုကြောင့် အိမ်တစ်အိမ်ဖျက်၍ ပြောင်းရွှေ့ရခြင်းနှင့် မြောက်စည်း ကျေးရွာတွင်လည်း နန်းကသည်း ကျောက်စီချောင်း ကမ်းပါးနံရံ ရေတိုက်စား၍ ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ မြစ်သာမြစ်ရေမှာလည်း အောက်တိုဘာ ၁၉ ရက် ညပိုင်းတွင်  စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သည်ဟု သိရသည်။

“စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်တဲ့ သတိပေးချက်တော့ ထုတ်ပြန်ထားပါတယ်။ ဒီအနေအထား ဆိုရင်တော့ ညနေ ၅ နာရီခွဲလောက်ဆို စိုးရိမ်ရေမှတ်ကို ရောက်ပြီလို့ ပြောလို့ရပါတယ်။ အခုတောင် စိုးရိမ်ရေအမှတ် ရောက်ဖို့ ၁၂ စင်တီမီတာပဲ လိုတော့တယ်။ ရေက ဆက်ပြီးတက်ဖို့ အလားအလာ ရှိပါတယ်။ ရေတိုးက ဒီနေ့နံနက်ဆိုရင် နံနက် ၅ နာရီခွဲ တိုင်းထွာချက်ဆိုရင် ၁၀၃၂ စင်တီမီတာရှိတယ်။ အခု မွန်းလွဲ ၂ နာရီခွဲမှာ ၁၀၈၈ စင်တီမီတာဆိုတော့ ၉ နာရီအတွင်း ၅၆ စင်တီမီတာ (နှစ်ပေနီးပါး) တက်လာပါတယ်။ မနေ့ကလည်း ရေတက်နှုန်းက ဒီထက်များတယ်။ စက်တင်ဘာ ၁၇ ရက်ကနေ ၁၈ ရက်အထိ ၂၄၁ စင်တီမီတာအထိ တက်တယ်။ (၂၄ နာရီအတွင်း ရှစ်ပေတက်ခဲ့တယ်)။ ၁၈ ရက်ကနေ ၁၉ ရက်အထိ ၁၈၀ စင်တီမီတာ (ခြောက်ပေ ) တက်လာပါတယ်။ မိုးကတော့ ဒီနေ့ထုတ်ပြန်တဲ့ သတင်းအရဆိုရင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီရယ် နေရာကွက် မိုးကြီးနိုင်တယ်လို့ ပါထားတယ်။ ချင်းပြည်နယ်တော့ မပါဘူး။ ဒါပေမဲ့ မကွေးပါတော့ မကွေးတိုင်းဘက်က မိုးကြီးတယ် ဆိုရင်လည်း ကျွန်တော်တို့နယ်ဘက် သက်ရောက်မှုရှိတယ်။ မုန်တိုင်းတွေ ဘာတွေတော့ မရှိပါဘူး။ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်း နေရာကနေ အားအလွန်ကောင်းနေတယ် ဆိုပြီးပဲ ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်း ရပ်ဝန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိပါဘူး” ဟု ကလေးမြို့ မိုးဇလဌာနမှ ဦးတင်စိုးက ပြောကြားသည်။

 

Most Read

Most Recent