ပန်းတောင်းမြို့နယ် တောင်ကုတ်-ပြည် ကားလမ်းတွင် ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျရာ ခြောက်ဦးထက်မနည်း သေဆုံး

ပန်းတောင်းမြို့နယ် တောင်ကုတ်-ပြည် ကားလမ်းတွင် ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျရာ ခြောက်ဦးထက်မနည်း သေဆုံး
Published 19 September 2017

ဒဏ်ရာရရှိသူများကို ဥသျှစ်ပင်ဆေးရုံသို့ သယ်ယူလာစဉ် (ဓာတ်ပုံ-ပဲပဲ)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် တောင်ကုတ်- ပြည် လမ်းပိုင်းတွင် ယာဉ်တစ်စီး ချောက်ထဲ ထိုးကျခဲ့သဖြင့် ကနဦးသတင်းအရ ခြောက်ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဥသျှစ်ပင်မြို့ အေးသုခနာရေးကူညီမှုအသင်းမှ သတင်းရရှိသည်။

စက်တင်ဘာ ၁၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က ပြည်-တောင်ကုတ် လမ်းပိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးအုပ်စု လေးအိမ်စုနှင့် ကျွဲကြီးအကြားရှိ ပေ ၁၅၀ ခန့်အနက် ချောက်အတွင်းသို့ စင်းလုံးငှား လိုက်ပါလာသည့် ရဲအောင်လံ ယာဉ်လိုင်းမှ ယာဉ်တစ်စီး ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။

“သေဆုံးက ခြောက်ယောက်လောက် ကြားတယ်။ အတည်မပြုနိုင်သေးဘူး။ နှစ်ယောက်ကို ပြည်ကို လွှဲထားတယ်။ ကားလွှတ်ထားတယ်။ သေဆုံးကို အတည်မပြုနိုင်သေးဘူး။ အခုမှ လွှတ်ထားရတယ်။ ဥသျှစ်ပင် နာရေးကူညီမှု အသင်းကားရယ်၊ လဲရွာမေတ္တာရှင် နာရေးကူညီမှုအသင်း ကားရယ် လွှတ်ထားရတယ်။ ကားတစ်စီးက ပြောတာကတော့ သေဆုံးများနိုင်တယ်လို့ ပြောတယ်။ ကားခေါင်မိုးပါ ပြုတ်ထွက်သွားပြီး ကားအောက်မှာ ပိနေတာ ၂၀ လောက် ရှိတယ်လို့ပြောတယ်။ ကားပေါ်မှာ လူ ၅၀ လောက် ပါတယ်ပြောတယ်” ဟု ဥသျှစ်ပင်မြို့ အေးသုခနာရေးကူညီမှုအသင်းမှ ဦးဇော်မင်းထွန်းက ပြောကြားသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ပြည်ဆေးရုံနှင့် ဥသျှစ်ပင်ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရပြီး ဒဏ်ရာရရှိသူများအား ကယ်ဆယ်နိုင်ရန်နှင့် သေဆုံးသူများအား ထပ်မံ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၁ နာရီအထိ ဥသျှစ်ပင်မြို့ ဆေးရုံသို့ လူနာ ၃၂ ဦး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ နှစ်ဦး အရေးပေါ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း သိရပြီး အတည်ပြုချက် ရယူရန် ဥသျှစ်ပင်ရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Most Read

Most Recent