စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်းရှိ အုံတုံပင်ကျေးရွာသားများ ပိုင်ဆိုင်သည့် မြေယာပေါ်တွင် အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ ခြံစည်းရိုးကာရန် ရှင်းလင်းရာမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်းရှိ အုံတုံပင်ကျေးရွာသားများ ပိုင်ဆိုင်သည့် မြေယာပေါ်တွင် အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ ခြံစည်းရိုးကာရန် ရှင်းလင်းရာမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ပွား
Published 19 September 2017

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ရှိ အုံတုံပင်ကျေးရွာသားများ ပိုင်ဆိုင်သည့် မြေယာပေါ်တွင် အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ ခြံစည်းရိုးကာရန် ဘက်ဟိုးဖြင့် ရှင်းလင်းရာမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား အခြေအနေ တင်းမာခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အုံတုံပင် ကျေးရွားသားများနှင့် အမှတ် (၂၈) ရဲတပ်ရင်းဝင်များအကြား အခြေအနေ တင်းမာနေချိန်တွင် ခြံစည်းရိုးခတ်ရန်အတွက် မြေယာပေါ်တွင် ဘက်ဟိုးထိုးနေမှု ရပ်တန့်သွားခဲ့ကြောင်း ဒေသခံ မြေပိုင်များကလည်း အဆိုပါ အခင်းဖြစ်နေရာတွင် အခြေအနေအား စောင့်ကြည့်နေကြောင်း သိရသည်။

“တောင်သူတွေကို လာလည်း မညှိနှိုင်းဘူး။ မြေတွေ လျော်ကြေးပေးမယ်လို့လည်း တစ်ယောက်နဲ့ တစ်ယောက် အသိလည်း မပေးဘူး။ တောင်သူတွေ မသိခင်ဘဲ ခိုးခိုးပြီး လုပ်တာပေါ့။ သူတို့က မရှိတဲ့အချိန်လေး အလစ်ဘဲလုပ်တာ။ အထက်အမိန့်စာပြ ဆိုတော့လည်း သူတို့က မပြဘူး။ ကျွန်မတို့ကို အထက်ကလူတွေနဲ့ တွေ့မပေးဘူး။ ဒီအတိုင်းဘဲ လုပ်နေတာပါ။ သူတို့ကနေပြီးတော့ ပြေလည်ရာ ပြေလည်အောင် ညှိနှိုင်းမယ် ဆိုရင်တော့ ပြေလည်ရင် ပြေလည်မယ်။ သူတို့က ကျွန်မတို့ ဒေသခံတွေကို မညှိနှိုင်းဘဲနဲ့ ဒီအတိုင်းဘဲ ဆက်လုပ်သွားမယ် ဆိုရင်တော့ ကျွန်မတို့က မကျေနပ်နိုင်ဘူး။ ဒီအတိုင်းဘဲ ဆက်ပြီတော့ ဆန္ဒပြမှာပဲ” ဟု အုံတုံပင်ကျေးရွာမှ မြေသိမ်းခံ တောင်သူဒေါ်ဝင်းဌေးက ပြောကြားသည်။

အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ ခြံစည်းရိုး ကာရန်အတွက် စက်ယန္တရားဖြင့် ရှင်းလင်းနေသည့် မြေနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အထူးမြေစစ်အဖွဲ့မှ စိစစ်နေသည့် မြေယာများ ဖြစ်ကြောင်း အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ အုံတုံပင်ကျေးရွာသားများက မြေယာလျော်ကြေး ရယူထားခြင်း မရှိသည့် မြေယာဧက ၃၀ နီးပါးအား ခြံစည်းရိုးကာရန်အတွက် ဘော်ဂလူစာဖြင့် ရှင်းလင်းနေကြောင်း သိရသည်။

“ကိုယ့်တောင်သူကိုပဲ လုပ်စားချင်ပါတယ်။ အခု ရဲတပ်ရင်းက လာပြီးတော့ ရဲတွေနဲ့ တုတ်တွေနဲ့ လောက်လေးခွတွေ သံချက်ကာတွေနဲ့ လာပြီးတော့ လုပ်လို့ တားရပါတယ်။ အဲဒီ မြေနေရာကို ကျွန်တော်တို့ တောင်သူတွေက မပေးနိုင်ပါဘူး။ ၂၀၁၃ ခုနှစ်က ဒီရဲတပ်ရင်း တည်ဆောက်ပါတယ်။ သဘောမတူတဲ့ တောင်သူတွေကို နစ်နာကြေးလည်း မပေးပါဘူး။ လျော်ကြေးလည်း မပေးပါဘူး။ ဦးသိန်းစိန် လက်ထက်က ညှိနှိုင်းတာမရှိဘူး။ အခု သမ္မတဦးထင်ကျော် လက်ထက်မှာတော့ ညှိနှိုင်းတာ သုံးကြိမ်ရှိတယ်။ အခု ရဲတွေက အကြမ်းဖက်ပြီးတော့ ခြံစည်းရိုး ခတ်ရအောင်လို့ ဘက်ဟိုးတွေ ရဲအင်အားနဲ့ လာပြီးတော့ ဖိစီးပြီးတော့ ပြည်သူလူထုကို နှိပ်စက်ဖို့လုပ်လို့ ကျွန်တော်တို့က တားဆီးရတာပါ” ဟု မြတ်ပင်စည်ရွာမှ ဦးဝင်းက ပြောကြားသွားသည်။

၂၀၁၃ ခုနှစ်ခန့်က အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းမှ ရဲတပ်ရင်း တည်ဆောက်ရန်အတွက် မြေယာ ၅၂ ဧက သိမ်းဆည်းခြင်း ခံခဲ့ရကြောင်း အဆိုပါ အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်း၏ အနောက်ဘက်တွင် သိမ်းဆည်းရန် ကျန်ရှိနေသည့် မြေယာဧက ၃၀ နီးပါးလည်း ထပ်မံ သိမ်းဆည်းရန် ကျန်ရှိနေသေးကြောင်း အဆိုပါမြေယာဧက ၃၀ နီးပါးထဲတွင် အုံတုံပင်ကျေးရွာမှ ဒေသခံ တောင်သူများက သီးနှံအချို့ စိုက်ပျိုးထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကလည်း အမှတ် (၂၈) လုံခြုံရေး ရဲတပ်ရင်းထဲသို့ ဒေသခံတောင်သူ ခုနစ်ဦးက ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဝင်ရောက် ထွန်ယက်ခဲ့သောကြောင့် ဒုရဲမှူး ရဲခေါင်က ယင်းမာပင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ယင်းမာပင်မြို့မရဲစခန်းက တောင်သူ ခုနစ်ဦးအား (ပ) ၁၇၂/၂၀၁၇/ရာဇသတ်ကြီးပုဒ်မ ၄၄၇/၁၄၄ အရ အမှုဖွင့် အရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ရဲမှတ်တမ်းများအရ သိရသည်။

စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အုံတုံပင်ကျေးရွားသားများနှင့် အမှတ် (၂၈) ရဲတပ်ရင်းဝင်များအကြား အခြေအနေ တင်းမာနေချိန်တွင် ခြံစည်းရိုးခတ်ရန်အတွက် မြေယာပေါ်တွင် ရှင်းလင်းနေမှုနှင့် ပတ်သက်၍ အမှတ် (၂၈) ရဲတပ်ရင်းမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သော်လည်း ရဲတပ်ရင်းမှူးမှာ အပြင်သွားနေကြောင်း ပြန်လည်ရောက်ရှိလာပါက တင်ပြပေးသွားမည်ဟု ပြောကြားသည်။

Most Read

Most Recent