တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ဦးစီးချုပ်တို့ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ဦးစီးချုပ်တို့ တွေ့ဆုံ
Published 19 September 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ဦးစီးချုပ်တို့ စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိ ဗိမာန်အတွင်း၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မမေ့သောအားဖြင့် လာရောက် နှုတ်ဆက်ခြင်း ဖြစ်ပါကြောင်း၊ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ယခင်ရှိရင်းစွဲ ပူးပေါင်း ဆောင်ရွက်မှုများ၊ လက်ရှိ ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များအရ မြန်မာနိုင်ငံခရီးစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းဘုရင့် တပ်မတော်မှ နောင်တာဝန်ယူမည့် ခေါင်းဆောင်သစ်များနှင့်လည်း မိတ်ဆက်လို၍ ဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းမှာ ချစ်ခင်ရင်းနှီးမှု ရှိပြီးဖြစ်၍ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ အားရကျေနပ်ဖွယ် ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း ဆက်ဆံရေးတွင် ဝါရင့်သူများက ဝါနုသူများကို လက်တွဲခေါ်ယူသည့် အစဉ်အလာ ရှိကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ ထာဝရ ရှိနေမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း ထိုင်းနိုင်ငံ အကျိုးစီးပွား ထိခိုက်မှုများကို လက်မခံကြောင်း၊ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုမှာ မူးယစ်ဆေးဝါး ပြဿနာပင်ဖြစ်ပြီး ဦးစားပေး၍ ပူးပေါင်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ကျန်ကိစ္စရပ်များမှာ အခက်အခဲမရှိ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ဒေသဖြစ်စဉ် အခြေအနေမှန်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံကို ရောက်ရှိနေသော ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် US Army Pacific Commander ဖြစ်သူ General Robert B.Brown နှင့် စက်တင်ဘာ ၁၈ ရက် တွင် ဆိုးလ်မြို့ရှိ တည်းခိုရာ Grand Hyatt Hotel ၊ Bilateral Meeting Room ၌ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေမှုများ အားဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေ ဖြစ်ရပ်မှန်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent