အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကို အထိုက်အလျောက် ဖြေလျှော့ပေးလိုက်သည့်အတွက် မန္တလေး ပဲဈေးကွက်တွင် ပဲစင်းငုံနှင့် မတ်ပဲဈေး ပြန်တက်လာ

အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကို အထိုက်အလျောက် ဖြေလျှော့ပေးလိုက်သည့်အတွက် မန္တလေး ပဲဈေးကွက်တွင် ပဲစင်းငုံနှင့် မတ်ပဲဈေး ပြန်တက်လာ
Published 19 September 2017

အိန္ဒိယနိုင်ငံမှ ထွက်ရှိသော ပဲများအား ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချမှုနှင့် ပြည်ပနိုင်ငံများက ပဲမျိုးစုံ တင်သွင်းခွင့်အား အိန္ဒိယအစိုးရက အထိုက်အလျောက် ဖြေလျှော့လိုက်သည့်အတွက် မန္တလေးဈေးကွက်တွင် ပဲစင်းငုံ နှင့် မတ်ပဲဈေးများ အနည်းငယ် ပြန်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံက ယခုနှစ်တွင် ပဲအထွက် စံချိန်တင်ခဲ့၍ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တင်သွင်းမှုကို တန်ချိန် ကန့်သတ်ခဲ့ရာမှ စက်တင်ဘာ ၁၅ ရက်က ပို့ကုန်တင်ပို့ခွင် ပိတ်ပင်ထားသော ယင်းပဲသုံးမျိုးကို ပြန်လည် ခွင့်ပြုလိုက်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သဖြင့် မန္တလေး ပဲဈေးကွက်တွင် ပဲစင်းငုံနှင့် မတ်ပဲဈေးများ ပြန်တက်လာကြောင်း မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“စက်တင်ဘာ ၁၅ ရက်မှာ အိန္ဒိယအစိုးရက သူတို့ရဲ့ ပဲပို့ကုန်တွေကိုလည်း ပြည်ပပို့ဖို့ ခွင့်ပြုတယ်။ နောက်ပြည်ပကနေ သူတို့ဆီ တင်သွင်းတာကိုလည်း တင်သွင်းခွင့် အထိုက်အလျောက် လျှော့ပေါ့ပေးလိုက်တယ်။ လျှော့ပေါ့ပေးလိုက်တဲ့အတွက်ကြောင့် ဘာတွေ အကျိုးသက်ရောက် လာသလဲဆိုတော့ မြန်မာနိုင်ငံမှာ ကျဆင်းနေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးက နည်းနည်း သိသိသာသာလေး လှုပ်လှုပ်ရှားရှားလေး ဖြစ်လာပါတယ်။ မန္တလေးဈေးကွက်အနေနဲ့ ပြောရရင် ဘယ်လောက်ထိ ဖြစ်သလဲဆိုရင် ပဲစင်းငုံ သုံးတင်းတစ်အိတ်ကို သုံးသောင်းရှစ်ထောင်ထိ၊ မတ်ပဲဆိုရင် သုံးတင်း တစ်အိတ်ကို ငါးသောင်း သုံးထောင်ကနေ ငါးသောင်းခွဲထိ ကျဆင်းနေတယ်။ ဒီနေ့ အခြေအနေပြောရရင် မတ်ပဲဆိုရင် ခြောက်သောင်းထိ တက်လာတယ်။ ပဲစင်းငုံလည်း သုံးတင်း တစ်အိတ်ကို လေးသောင်း တစ်ထောင်အထိ မြင့်တက်လာတယ်။ မြင့်တက်လာတဲ့အတွက် သိုလှောင်ထားတဲ့ တောင်သူတွေအနေနဲ့ နည်းနည်းလေး မျှော်လင့်ချက်ရောင်ခြည်တော့ တစ်စိတ်တစ်ဒေသ ပေါ်လာပါတယ်။ ကျွန်တော်တို့ ပဲသမားတွေ အနေနဲ့လည်း ဒီလောက်တော့ မရှုံးရတာပေါ့၊ ရှုံးတာကတော့ အရှုံးကြီးနဲ့ အရှုံးလေးပေါ့။ အရှုံးကြီးကနေ အရှုံးလေးဘက် တဖြည်းဖြည်း ဖြစ်လာတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ပဲစင်းငုံ ပေါ်ကာစရာသီတွင် သုံးတင်း တစ်အိတ်ကို ခုနစ်သောင်း သုံးထောင်မှ ခုနစ်သောင်းခွဲအထိ ပေးဝယ်ခဲ့ရာ အိန္ဒိယနိုင်ငံမှ တင်ပို့မှုကို ကန့်သတ်လိုက်သည့်အတွက် သုံးတင်း တစ်အိတ်လျှင် သုံးသောင်းရှစ်ထောင်ထိ ကျဆင်းသွားကြောင်း၊ ထို့နည်းတူ မတ်ပဲမှာလည်း သုံးတင်း တစ်အိတ်ကို ငါးသောင်းသုံးထောင်ကနေ ငါးသောင်းခွဲအထိ ကျဆင်းခဲ့ရာ ယခုအခါတွင် ပြန်လည်ခွင့်ပြုပြီး ဖြစ်သဖြင့် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်ခြောက်သောင်း၊ ပဲစင်းငုံ သုံးတင်း တစ်အိတ်လျှင် ကျပ်လေးသောင်း တစ်ထောင်အထိ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

“မူရင်း ဈေးဝယ်ထားတဲ့ဟာက ပေါ်ကာစကရာသီမှာ ပဲစင်းငုံ သုံးတင်း တစ်အိတ်ကို ခုနစ်သောင်း သုံးထောင်နဲ့ ခုနစ်သောင်းခွဲကြားမှာ ဝယ်ထားတဲ့ဟာ အခုနည်းနည်းချင်း ပြန်တက်ပြီးတော့ ကြိတ်ဆွဲလာတာပေါ့၊ ကြိတ်ဆွဲလာတဲ့ အခါကျတော့ ဒါဝမ်းသာစရာ သတင်းပေါ့။ ပဲစင်းငုံအနေနဲ့ ဒီနှစ်ရာသီအနေနဲ့ကလည်း အညာမှာ မိုးလေဝသကလည်း ညီမျှလို့ စိုက်သလောက်ကတော့ တော်တော်ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ် အထွက်နှုန်းတော့ ပြီးမယ်ထင်တာပဲ။ ဘာဖြစ်လို့ စိုက်ကြလဲဆိုတော့ သူက ထွန်းခ ယက်ခတွေလည်း သက်သာတယ်။ ဓာတ်မြေသြဇာလည်း သိပ်သုံးစရာ မလိုဘူး။ နှမ်းလိုပဲ မိုးလေဝသကောင်းရင် ပဲစင်းငုံ အနေအထားက အခုအခင်းတွေ ကြည့်ရတာတော့ စက်တင်ဘာ လလယ်လောက်ထိ တော်တော်လေး ကောင်းပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

Most Read

Most Recent