စဉ့်ကူးမြို့နယ်တွင် စီးပွားရေးလုပ်ရန် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား နှစ်ဦး လဝကသို့ အကြောင်းကြားရန် ပျက်ကွက်သောကြောင့် အရေးယူ

စဉ့်ကူးမြို့နယ်တွင် စီးပွားရေးလုပ်ရန် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား နှစ်ဦး လဝကသို့ အကြောင်းကြားရန် ပျက်ကွက်သောကြောင့် အရေးယူ
Published 19 September 2017

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် စီးပွားရေးလုပ်ကိုင်ရန် ဗီဇာဖြင့် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား နှစ်ဦးသည် လဝကသို့ Form-C ဖြင့် အကြောင်းကြားရန် ပျက်ကွက်သောကြောင့် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက်က စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား နှစ်ဦးသည် ငါးဂိမ်းလောင်းကစား ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးရာ လောင်းကစားနှင့် ဆက်စပ်ပစ္စည်း မတွေ့ရှိကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr. Chin Tian Lei နှင့် Mr. Chin Hong တို့အား စဉ့်ကူးမြို့နယ် လဝကသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၎င်းတို့၏ ဗီဇာသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ဖြစ်သော်လည်း Form-C ဖြင့် သတင်းပေးပို့မှု မရှိသောကြောင့် ဗီဇာစည်းကမ်း ဖောက်ဖျက်ခဲ့သဖြင့် လက်ပန်လှ ရဲကင်းစခန်းတွင် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် စဉ့်ကူးမြို့နယ် တရားရုံး၌ ချုပ်ရက်ရီမန် တောင်းယူခဲ့ပြီး မန္တလေးအိုးဘို အကျဉ်းထောင်တွင် ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent