ထိုင်းနိုင်ငံထုတ် Vigo ကားများကို မြဝတီနယ်စပ်မှ တင်သွင်းခွင့်ပြုတော့မည် ဆိုသည့် သတင်းကြောင့် တရားဝင် တင်သွင်းရန် စိုင်းပြင်းနေသော်လည်း သက်ဆိုင်ရာမှ ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်သေးဟုဆို

ထိုင်းနိုင်ငံထုတ် Vigo ကားများကို မြဝတီနယ်စပ်မှ တင်သွင်းခွင့်ပြုတော့မည် ဆိုသည့် သတင်းကြောင့် တရားဝင် တင်သွင်းရန် စိုင်းပြင်းနေသော်လည်း သက်ဆိုင်ရာမှ ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်သေးဟုဆို
Published 19 September 2017

နယ်စပ်မှ တရားဝင် တင်သွင်းမည့် ကားများအား မြဝတီ ကုန်သွယ်ရေးဇုန်တွင် စက်တင်ဘာ ၁၈ ရက်က စစ်ဆေးနေစဉ်

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံထုတ် Vigo ကားများ တင်သွင်းပြုတော့မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦး ပြောကြောင်း ၁၄-၉-၂၀၁၇ ရက် CARS DB.com ၌ ထွက်ပေါ်လာသည့် သတင်းကြောင့် နယ်စပ်မှ တရားဝင် ကားဝယ်ရောင်း တင်သွင်းသူများအနေဖြင့် တင်သွင်းရန် ပြင်ဆင်စိုင်းပြင်းနေကြကြောင်း သိရသည်။

“မြဝတီဟာ နယ်စပ်မြို့ ဖြစ်တဲ့အတွက် ထိုင်းနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အရင်တစ်နှစ်ကျော်က ရပ်နားခဲ့ရတဲ့ လုပ်ငန်းသုံး Vigo ကားတွေကို ပြန်လည် တင်သွင်းခွင့် ရတော့မယ်ဆိုတော့ တရားဝင်တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။ ပြည်တွင်းကျေးလက် လမ်းတွေနဲ့ သဟဇာတဖြစ်တဲ့အတွက် အကျိုးရှိမှာကတော့ သုံးစွဲသူ ပြည်သူတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်တွင်းက လမ်းတွေက အလုံးစုံ မကောင်းသေးပါဘူး။ မြို့ရော တောပါ အသုံးတည့်တယ်။ ဆီစားလည်း သက်သာပါတယ်။ ဒါ့အပြင် ဈေးနှုန်းအနေနဲ့လည်း ဆိပ်ကမ်းက သွင်းတာထက် အနည်းဆုံး ၁၀ သိန်းနဲ့ အများဆုံး ၂၅ သိန်းထိ သက်သာနိုင်တဲ့အတွက် ဖြစ်ပါတယ်” ဟု နယ်စပ်မှ တရားဝင် ကားတင်သွင်းသူ ကိုဇော်မော်ထွန်းက ပြောကြားသည်။

သို့သော်လည်း ထိုင်းနိုင်ငံထုတ် Vigo ကားများကို မြဝတီနယ်စပ်မှ တင်သွင်းခွင့် ပြုတော့မည်ဆိုသည့် သတင်းကြောင့် နယ်စပ် ကားဝယ်ရောင်းလုပ်သူများက တရားဝင် တင်သွင်းရန် စိုင်းပြင်းနေသော်လည်း ယနေ့ချိန်ထိ သက်ဆိုင်ရာမှ ညွှန်ကြားချက်တစ်စုံတစ်ရာ မထွက်သေးကြောင်း ၎င်းးက ဆိုသည်။

ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်ဆိုင်ရာ ပြောင်းလဲမှုများကြောင့် နယ်စပ်မှ ကားတင်သွင်းမှု လျော့နည်းနေသော်လည်း လက်ရှိ တင်သွင်းခွင့်ပြုထားသည် Delivery Van နှင့် Truck ကားအနည်းငယ်သာ တင်သွင်းလျက် ရှိကြောင်း သိရသည်။

“နယ်စပ်ပေါက်မှာ Vigo တွေပေးမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လာရင် အရင်ဦးဆုံး ပျော်ကြရတာ ကျွန်တော်တို့ မြဝတီမှာနေပြီး ကားနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့လူတွေပါ။ ဒီကိစ္စကို ကောင်းတဲ့ဘက်က ပြောတဲ့လူ ရှိသလို မကောင်းတဲ့ဘက် ပြောနေတဲ့လူတွေလည်း ရှိပါတယ်။ ဈေးတူမော်ဒယ်လ်တူ ကားနှစ်စီးကို တစ်ယောက်တစ်စီး ဝယ်ပြီး ခင်ဗျားက ဆိပ်ကမ်းကနေ သွားမယ်။ ကျွန်တော်က မြဝတီနယ်စပ်ကနေ သွင်းမယ်။ ခင်ဗျားက သင်္ဘောနဲ့သွားဖို့ Agent အပ်၊ ကျုပ်က မဲဆောက်ကို သွားဖို့ Driver အပ်ပေါ့ဗျာ။ အဲဒီမှာ စတွေ့ပြီ ခင်ဗျားသင်္ဘောခက ၁၅သိန်းလောက် ကျသွားတဲ့အချိန်မှာ ကျုပ်က Driver မောင်းကြေးနဲ့ မဲဆောက် Agent ကြေးပေါင်းမှ ငါးသိန်း မကျော်ဘူးဗျ။ အဲဒီမှာတင် ခင်ဗျားနဲ့ကျုပ် ၁၀ သိန်း ကွာသွားပြီ။ ဘယ်က သွင်းသွင်း CD တို့ ကညနတို့က အတူတူပဲ။ အားလုံးပြီးသွားလို့ တကယ်သုံးမယ့် လူကို ဈေးချိုချိုနဲ့ သုံးစေချင်တယ် ဆိုရင်ပေါ့ဗျာ၊ ပြန်လည်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်” ဟု ကိုဇော်မော်ထွန်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုအရ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်များအနက် အခွန်ငွေ ရှာဖွေပေးမှု အမြင့်ဆုံးနယ်စပ်တွေထဲမှာ ထိပ်တန်းနေရာ ပိုင်ဆိုင်ထားသည့် နယ်စပ်တစ်ခုဖြစ်ပြီး မြဝတီနယ်စပ်ပေါက်မှ တဆင့် ထိုင်းနိုင်ငံထုတ် တရားဝင်ကားများ တင်သွင်းခွင့် ပြန်လည် ခွင့်ပြုပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးနိုင်မယ့်အပြင် လိုင်စင်မဲ့ကား တင်သွင်းခြင်းများကိုလည်း တစ်ဖက်တစ်လမ်းက ထိန်းချုပ်ရာရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏ အခွန်ငွေတိုးတက် ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်လည်း စီးပွားရေးပိုမို ဖွံ့ဖြိုးတိုးတက် လာစေမှာဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်သူ ကုန်သည်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent