လှိုင်မြို့နယ် တက္ကသိုလ်နယ်မြေဝင်းအတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုး လုယက်ခံရလှိုင်မြို့နယ် တက္ကသိုလ်နယ်မြေဝင်းအတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုး လုယက်ခံရ

လှိုင်မြို့နယ် တက္ကသိုလ်နယ်မြေဝင်းအတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုး လုယက်ခံရလှိုင်မြို့နယ် တက္ကသိုလ်နယ်မြေဝင်းအတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုး လုယက်ခံရ
Published 19 September 2017

အမျိုးသမီးထံမှ ဆွဲကြိုးလုယက်ခဲ့သူများကို တွေ့ရစဉ်

လှိုင်မြို့နယ် တက္ကသိုလ်နယ်မြေဝင်းအတွင်း စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦး၏ ရွှေဆွဲကြိုး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ တစ်ဦးဖြစ်သည့် မ.....(၂၀) နှစ်သည် စာကျက်ပြီး၍ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ရွှေဟင်္သာလမ်းအတိုင်း ပြန်လာစဉ် လှိုင်တက္ကသိုလ်နယ်မြေ ဂန္ဓာမာဆောင်ရှေ့ အနီးအရောက်တွင် ၎င်းနောက်မှ လူငယ်နှစ်ဦး လိုက်လာခဲ့ပြီး ရှေ့သို့ ကျော်တက်ကာ မ..... ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား လုယက် ဆွဲဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုယက်စဉ် မ...... က ဆွဲကြိုးအား ပြန်လည် ဆွဲယူခဲ့သဖြင့် ဆွဲကြိုးပါသွားခြင်း မရှိဘဲ ကျပ် တစ်သိန်းခွဲခန့် တန်ဖိုးရှိ ရွှေဆွဲသီးမှာ ပါသွားခဲ့ပြီး အဆိုပါ လုယက်သူ လူငယ်နှစ်ဦးမှာ အရှေ့တွင် အသင့်စောင့်နေသည့် အငှားယာဉ်ပေါ်သို့ တက်ကာ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို မ..... က ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး လှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထွက်ပြေးမောင်းနှင်သူများနှင့် မော်တော်ယာဉ်အား ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ဝင်းအတွင်းရှိ Traffic Control Center တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအား ကြည့်ရှု၍ လိုက်လံဖမ်းဆီးခဲ့ရာ ယင်းနေ့ ည ၁၀ နာရီ ၄၅ မိ နစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့် မီးပွိုင့်အနီးတွင် ကျူးလွန်သူများဖြစ်သည့် လှိုင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ သံလုံး (ခ) သက်ထွန်းအောင် (၂၉) နှစ်၊ ယာဉ်အား မောင်းနှင်သည့် ယင်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်နေ ဇင်မျိုး (ခ) ဒဂုံ နှင့် မျိုးမင်းဦး (ခ) နှာပိတို့ သုံးဦးကို ၎င်းတို့ ပြစ်မှုကျူးလွန်စဉ် အသုံးပြုသည့် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်းတို့နှင့် အပေါင်းအဖော် ဖြစ်သည့် ကျော်ဇင်လတ် (ခ) ပြားကြီးမှာ ငွေလိုနေသဖြင့် အသက်အရွယ်ကြီးသူများနှင့် အမျိုးသမီးများထံမှ လုယက်ရန် တိုင်ပင်ခဲ့ကြပြီး ကျူးလွန်မည့်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ၎င်းတို့ လေးဦးစလုံးသည် အငှားယာဉ်ဖြင့် လှိုင်မြို့နယ်၊ တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ ရောက်ရှိခဲ့ကြပြီး ဇင်မျိုးနှင့် မျိုးမင်းဦးတို့က လမ်းလျှောက်လာသည့် မ....... ၏ ဆွဲကြိုးအား ဆွဲဖြတ် လုယက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေဆွဲသီး ရရှိပြီးနောက် ယာဉ်ဖြင့် အသင့်စောင့်နေသည့် သက်ထွန်းအောင်၊ ကျော်ဇင်လတ်တို့နှင့်အတူ မောင်းနှင် ထွက်ပြေးခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူများထဲမှ ကျန်တစ်ဦးဖြစ်သည့် ကျော်ဇင်လတ် (၃၀) နှစ်ကို ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး လုယက်သည့် ရွှေဆွဲသီးကို ၎င်းတို့ ရောင်းချထားသည့် လှိုင်မြို့နယ် ၉ ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ လေးဦးအား အခြားပြစ်မှုကျူးလွန်မှုများ ရှိ၊ မရှိ ဆက်လက် စစ်ဆေးနေပြီး ၎င်းတို့အား ဥပဒေအရ အရေးယူရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent