အာရှပတ်လမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ရေကျော်အချို့တွင် တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ယာဉ်ငယ်အချို့ စောင့်ဆိုင်းဖြတ်သန်းနေရ

အာရှပတ်လမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ရေကျော်အချို့တွင် တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ယာဉ်ငယ်အချို့ စောင့်ဆိုင်းဖြတ်သန်းနေရ
Published 18 September 2017

တောင်ကျချောင်းရေ ကျဆင်းနေသော ကပဲ့ချောင်းအား ခရီးသည်တင်ယာဉ်တစ်စီး ဖြတ်သန်းနေစဉ်

အာရှပတ်လမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ ကျောက်ဂူတောရ ဘုန်းတော်ကြီးကျောင်း အနီးမှ ကပဲ့ချောင်းတွင် တောင်ကျရေများ ကျဆင်းလာမှုကြောင့် ခရီးသည်တင်ကားနှင့် ယာဉ်ငယ်အချို့ စောင့်ဆိုင်းဖြတ်သန်း နေကြရသည်ဟု သိရသည်။

“စက်တင်ဘာ ၁၇ ရက် မနက်မိုးမလင်းခင်ကတည်းက စောင့်နေရတယ်။ ချောင်းရေကျနေတာကို စောင့်နေရတာ။ ချောင်းရေကများတော့ ကားတွေစောင့်နေရတာ ကား ၁၅ စီးလောက်ရှိတယ်။ ယာဉ်ကြီး၊ ယာဉ်ငယ်အကုန်လုံး ရေနည်းသွားအောင် စောင့်နေကြရတယ်” ဟု အဆိုပါနေရာတွင် စောင့်ဆိုင်းနေသူ တစ်ဦးက နံနက် ၇ နာရီခန့်တွင် ဆက်သွယ်ပြောကြားသည်။

အဆိုပါ ကပဲ့ချောင်းသည် တောင်ကျချောင်း တစ်ခုဖြစ်ပြီး ရေကျော်တစ်ခု ပြုလုပ်ထားကာ ကလေးမြို့နှင့် မိုင် ၆၀ ဝန်းကျင်ခန့် ကွာဝေးပြီး ဂန့်ဂေါမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးကြောင်း သိရသည်။

နှစ်စဉ် ချင်းတောင်တန်းပေါ်တွင် မိုးရွာလျှင် ကပဲ့ချောင်း၌ ချောင်းရေကျလေ့ရှိပြီး အချိန်နာရီပိုင်းခန့် စောင့်ဆိုင်းသွားလာကြရပြီး အခြားအချိန်များတွင် အဆိုပါချောင်း၌ ရေမရှိကြောင်း သိရသည်။ အဆိုပါနေရာ၌ လာမည့်ပွင့်လင်းရာသီတွင် တံတားတစ်စင်းထိုးရန် ပြင်ဆင်လျက်ရှိသည်ဟု ဒေသခံများက ပြောကြားသည်။

“နေ့လည် ၁၂ နာရီလောက်မှ အဲဒီနေရာကနေ လွတ်လာတာ။ ကုန်တင်ကားကြီးတွေနဲ့ မှန်လုံယာဉ်ကြီး တွေကတော့ ရေကျော်ကို ဖြတ်လို့တော့ရတယ်။ ကားလေးတွေကတော့ ဖြတ်လို့မရသေးဘူး။ စောင့်ဆိုင်းရင်း ကျန်ခဲ့တယ်” ဟု ရန်ကုန်မြို့မှ ကလေးမြို့သို့ ပြန်လာသူ တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းအထိ ကပဲ့ချောင်းတွင် ယာဉ်ငယ်အများအပြား ပိတ်မိနေဆဲဖြစ်ပြီး မိုးလည်း ဆက်လက်ရွာသွန်းနေကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသည့် ကားသမားတစ်ဦးက ဆက်သွယ် ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုများအရ စက်တင်ဘာ ၁၇ ရက် ညနေအထိ ခန့်မှန်းချက်များအရ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent