အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ အား တိုးမြှင့်ပေးရန် အပါအဝင် အလုပ်သမား အခွင့်အရေး ခြောက်ချက်ကို မန္တလေးမြို့တွင် အင်အားတစ်ထောင်ခန့်ဖြင့် ဆန္ဒပြတောင်းဆို

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ အား တိုးမြှင့်ပေးရန် အပါအဝင် အလုပ်သမား အခွင့်အရေး ခြောက်ချက်ကို မန္တလေးမြို့တွင် အင်အားတစ်ထောင်ခန့်ဖြင့် ဆန္ဒပြတောင်းဆို
Published 18 September 2017

အလုပ်သမား အခွင့်အရေးများ ရရှိရေးအတွက် မန္တလေးမြို့၌ အလုပ်သမားများ ဆန္ဒပြတောင်းဆိုနေစဉ် (ဓာတ်ပုံ-ရန်ပိုင်)

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ အား တိုးမြှင့်ပေးရန်၊ အလုပ်သမားသမဂ္ဂများကို ကာကွယ်ပေးရန်၊ ဘေးကင်းသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန်၊ ဥပဒေများ ပြဋ္ဌာန်းပေးရန် စသည့်အလုပ်သမား အခွင့်အရေး ခြောက်ချက်အား စက်တင်ဘာ ၁၇ ရက်က မန္တလေးမြို့၌ အင်အားတစ်ထောင်ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်အားခ ကျပ် ၃၆၀၀ သည် ခေတ်စနစ်နှင့် မလျော်ညီတော့သည့် အတွက် တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးရန်၊ အလုပ်သမားသမဂ္ဂများကို အလုပ်ရှင်များက ဖိနှိပ်နေသည့်အတွက်  ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဋ္ဌာန်းချက် အမှတ် (၉) ကို အမြန်ဆုံး လက်မှတ်ရေးထိုးကာ အလုပ်သမားသမဂ္ဂများအား ကာကွယ်ပေးရန်၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများအား အရပ်ဘက်တရားရုံးများ၌ စီရင်လျက်ရှိရာ အလုပ်သမားများအတွက်  အခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် အလုပ်သမား တရားရုံးများ တည်ထောင်ပေးရန်၊ မြန်မာနိုင်ငံရှိ လုပ်သားများသည် ဆိုးရွားသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရခြင်းကြောင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်များက အမြန်ဆုံး ပြဋ္ဌာန်းပေးနိုင်ရန်၊ အလုပ်သမား အငြင်းပွားမှု ဥပဒေ၌ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ မပါရှိသောကြောင့် အလုပ်ရှင်များသည် အလုပ်သမား ခေါင်းဆောင်များကို အလွယ်တကူ အလုပ်မှ ထုတ်ပယ်လျက် ရှိသည့်အတွက် ထိရောက် ဟန့်တားသော ပြစ်ဒဏ်များ ထည့်သွင်းပေးရေး စသည့် အချက်ခြောက်ချက်တို့ကို အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ခုံသမာဓိကောင်စီ အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်ငါးဦး ရွေးချယ်တဲ့ နေရာမှာလည်း အလုပ်သမားအဖွဲ့ချုပ် တစ်ခုတည်းက တင်ပြတဲ့ ကိုယ်စားလှယ်ငါးဦးကိုပဲ အလုပ်သမား ဝန်ကြီးဌာနက လက်သိပ်ထိုး ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ အပါအဝင် တခြားအလုပ်သမား အဖွဲ့တွေ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ပေမယ့်လည်း အစိုးရက အဲဒီလူတွေကိုပဲ အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမား ကိုယ်စားလှယ်တွေကို ပြန်ရွေးချယ်ဖို့ တောင်းဆိုပါ တယ်။ ကိုယ့်အလုပ်သမား တွေဘက်က မားမားမတ်မတ် ရပ်တည်လုပ်ကိုင်မယ့်လူတွေ မပါတဲ့အခါ ကျွန်တော်တို့မှာ အကာအကွယ်မဲ့ နေပါတယ်။ လက်ရှိအလုပ်သမားတွေရင် ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစား စေချင်ပါတယ်။ လက်ရှိ စက်ရုံအလုပ်သမားတွေဆို ဝင်ငွေထွက်ငွေ ဘယ်လိုမှ မလုံလောက်တော့ အပြင်ကနေ ငွေတိုးချေးပြီး စားသောက်နေရတဲ့ အဆင့်အထိ ဖြစ်နေတာကို အစိုးရ တာဝန်ရှိသူတွေ သိစေချင်ပါတယ်” ဟု ပါဝါဓာတ်ခဲစက်ရုံမှ ကိုမင်းသက်ထွေးက ပြောကြားသည်။

အလုပ်သမားအင်အား တစ်ထောင်ခန့်သည် မန္တလေးမြို့ ၆၂ လမ်း၊ ခရောင်းဘိလပ်မြေ စက်ရုံအနီးတွင် စုမှတ်ပြုလုပ်ကာ ၆၂ လမ်းအတိုင်း စီတန်းလှည့်လှယ်ခဲ့ကြပြီး မနော်ရမ္မံကွင်းတွင် အလုပ်သမား အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည်များ ဟောပြောခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရသည်များကို ဖြေရှင်းပေးရန် အစိုးရသို့ တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent