ခွင့်ပြုချက်မတောင်းဘဲ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ပြီး ရေဆိုးမြောင်းအား ဖျက်ဆီးခဲ့သောကြောင့် လက်ပံတောင်းတောင်ဒေသခံ လေးဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ

ခွင့်ပြုချက်မတောင်းဘဲ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ပြီး ရေဆိုးမြောင်းအား ဖျက်ဆီးခဲ့သောကြောင့် လက်ပံတောင်းတောင်ဒေသခံ လေးဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ
Published 18 September 2017

ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ဒေသခံများ၏ ပိုလျှံမြေယာပေါ်တွင် ကျူးကျော်ပြီး ရေဆိုးစွန့်ထုတ်ရန် မြောင်းဖောက်နေမှုအား ဒေသခံမြေပိုင်ရှင်များက အချက်နှစ်ချက်ဖြင့် ဆန္ဒပြကာ ဒုတိယအကြိမ် ပြန်လည်ဖျက်ဆီးခဲ့သည်ကို တွေ့ရစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများပိုင်သည့် မြေယာများပေါ်တွင် ကျူးကျော်ကာ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ရေဆိုးမြောင်း တူးဖော်နေမှုအား ဒေသခံများက ခွင့်ပြုချက်မယူဘဲ လူစုလူဝေးဖြင့် စီတန်းလှည့်လှည်ကာ ပြန်လည်ဖျက်ဆီးခဲ့သောကြောင့် လက်ပံတောင်းတောင် ဒေသခံလေးဦးအား ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီးမြို့မရဲစခန်းမှ သိရသည်။

လက်ပံတောင်းတောင် ဒေသခံများသည် စက်တင်ဘာ ၁၂ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်မှ ကျူးကျော်ပြီး ရေဆိုးမြောင်း တူးဖော်နေမှုအား ပြန်လည်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပလပ်မြေ ပိုလျှံမြေဆိုပြီး ပြန်ပေးထားတဲ့မြေ။ လျော်ကြေးမထုတ်ထားသေးတဲ့မြေ လည်းဖြစ်တယ်။ သူတို့က စွန့်ပစ်ရေတွေ  ရွှေ လှေရေကျော်တံတားကနေ ဖောက်ချမယ်ဆိုတော့ ကိုယ့်ရွာတွေ ဆိုးကျိုးလာမယ့်အတွက် ကျွန်မတို့က တားဆီးတာပေါ့။ အခုလိုအမှုဖွင့် ခံရတာကတော့ လက်ပံတောင်းတောင် ဒေသခံ ပြည်သူတွေအတွက် တရားတဲ့ဥပဒေ မစိုးမိုးလို့ဘဲ ပြောချင်ပါတယ်” ဟု ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရသည့် တုံရွာမကျေးရွာမှ ဒေါ်မာချိုက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးအပြင်ဘက်၌ ဒေသခံများဖြစ်သည့် ဒေါ်မာချို၊ မစန္ဒာ၊ ဒေါ်စန်းနွဲ့၊ ဒေါ်ညိုလေး ဦးဆောင်သည့် ရွာသူရွာသား ၄၀ ခန့်က လက်ပံတောင်းတောင် ကယ်တင်စောင့်ရှောက်ရေး အလံသုံးခု၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး ဒို့အရေး အလံတစ်ခုအား ကိုင်ဆောင်ကာ အလံပါ စာသားများအား အော်ဟစ်ကြွေးကြော်ခဲ့ကြောင်း၊ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ လူစုလူဝေးဖြင့် စီတန်းလှည့်လည်ခဲ့၍ စီတန်းလှည့်လည်သူ ဒေါ်မာချို အပါအဝင် လေးဦးအား ညောင်ပင်ကြီးစခန်းမှူး ရဲအုပ်ဝင်းနိုင်ထွန်းက တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ဆားလင်းကြီး မြို့မရဲစခန်းက (ပ) ၁၉၅/၂၀၁၇ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် တုံတောကျေးရွာနှင့် တုံရွာမကျေးရွာနှစ်ရွာ၏ အနောက်ဘက်တွင် တည်ရှိသည့် ဒေသခံများ၏ မြေယာပေါ်တွင် ကျူးကျော်ကာ ရေဆိုးစွန့်ထုတ်ရန် မြောင်းဖောက်နေမှုအား ဒေသခံ မြေပိုင်ရှင်များက အချက်နှစ်ချက်ဖြင့် ဆန္ဒပြကာ ပြန်လည်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent