တောင်ငူမြို့နယ် ရွာတန်းရှည်ကျေးရွာမှ ရေကာတမံမှာ စစ်တောင်းမြစ်ရေတိုက်စားပြီး ကမ်းပါးများ ထပ်မံပြိုကျလာသောကြောင့် ရေကာတမံ ကျိုးကျမည့် အခြေအနေသို့ နီးကပ်လာ

တောင်ငူမြို့နယ် ရွာတန်းရှည်ကျေးရွာမှ ရေကာတမံမှာ စစ်တောင်းမြစ်ရေတိုက်စားပြီး ကမ်းပါးများ ထပ်မံပြိုကျလာသောကြောင့် ရေကာတမံ ကျိုးကျမည့် အခြေအနေသို့ နီးကပ်လာ
Published 18 September 2017

တောင်ငူမြို့နယ် ရွာတန်းရှည်ကျေးရွာအနီး စစ်တောင်းမြစ် ရေကာတမံ ရေတိုက်စား ခံနေရမှုအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စု ရွာတန်းရှည် ကျေးရွာအနီး စစ်တောင်းမြစ် ရေကာတမံမှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ကမ်းပါးပြိုကျမှုများ ထပ်မံဖြစ်ပွားလျက်ရှိရာ ရေကာတမံကျိုးကျမည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီတမံရဲ့ဟိုဘက်က ပန်းတာဆိုတာ ခိုင်ခံ့မှုမရှိသေးဘူး။ ပေါက်သွားရင် ဒီဘက်မှာ လယ်ဧက ၁၆၀၀ ရှိတယ်။ ဟိုဘက်က ဆိုင်ရာ ဆိုင်ရာအုပ်စုက လယ်ယာတွေရယ်၊ နောက် ပြီး နိုင်ငံတော် ကာကွယ်ရေးနဲ့ဆိုင်တဲ့ လေတပ်တွေ၊ လေယာဉ်ကွင်း။ ဒါတွေ ဒုက္ခရောက်သွားမှာ။ ပန်းတာဆိုတာ အားကိုးလို့မရသေးဘူး၊ ခိုင်ခံ့မှု မရှိသေးဘူး။ နှစ် ၆၀ ကျော်တဲ့ တာကြီးတောင် ဒီလိုဖြစ်သွားရင် ပန်းတာဆိုတာက နှစ်နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒါကို အားကိုးလို့မရဘူး။ ပြိုတာ မနေ့က ညနေက စပြိုတာ။ အောက်ခြေကပြိုတော့ ခန့်မှန်းလို့မရဘူး။ အောက်ခြေကနေလှိုက်တာ။ တစ်နေ့ကို ဘယ်လောက်ပြိုတယ် ပြောလို့မရဘူး။ အပုံလိုက်ကျရင် ကျသွားမယ်။ နည်းနည်းလည်း ပြိုချင်ပြိုမယ်။ အောက်က လှိုက်ရင်လှိုက်သလို ဝိတ်ရှိတဲ့အတွက် အောက်ကျသွားမယ်။ သူက ပြိုတာမဟုတ်ဘူး ဖင်ထိုင်ကျတာ” ဟု ရွာတန်းရှည်ကျေးရွာမှ ရာအိမ်မှူး ဦးစိုးမြင့်ဦးက ပြောကြားသည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် စက်တင်ဘာ ၂ ရက်က စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်သို့ ရောက်ရှိခဲ့ပြီး မြစ်ရေမြင့်တက်လာခြင်းကြောင့် ရွာတန်းရှည်ကျေးရွာအနီးရှိ စစ်တောင်းမြစ် ရေကာတမံမှာ အောက်ခြေ၌ ရေယိုစိမ့်မှု အနည်းငယ် ရှိလာခဲ့ကြောင်း၊ မြစ်ရေတိုက်စားမှုမှာလည်း ရေကာတမံနှင့် အနီးဆုံးသို့ ရောက်ရှိလာသောကြောင့် ရေကာတမံကြီး ရုတ်တရက် ကျိုးကျကာ လူနေအိမ်များနှင့် လယ်မြေများ ရေနစ်မြုပ်မည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြကြောင်း၊ မြစ်ရေတိုက်စားသော နေရာတွင် ခိုင်ခံ့သော ရေကာတာ အခိုင်အမာ တည်ဆောက်ပေးရန် တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဆည်မြောင်း တာဝန်ရှိသူများထံ အသိပေးတင်ပြခဲ့ကြောင်း၊ ယခုအခါ စစ်တောင်းမြစ်ရေ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာစဉ် မြစ်ကမ်းပါးများ ပြိုကျမှုများ ထပ်မံဖြစ်ပွားခဲ့ရာ တမံကျိုးကျမည်ကို ပိုမိုစိုးရိမ်လာကြကြောင်း ဒေသခံများက ဆိုသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ မြစ်ရေဦးထိုးတဲ့နေရာ ဖြစ်နေတာ။ ပြီးခဲ့တဲ့ လေးငါးနှစ်က ကမ်းစပ်က ပေ ၂၀၀ လောက် အကွာအဝေးမှာရှိတယ်။ ဒီကြားထဲမှာ အိမ်ခြေပေါင်း ၃၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန်ကတောင်မှ မကာကွယ်နိုင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ တိုက်စားလာတာ။ အခုအချိန်ကတော့ တာနဲ့ကပ်လျက် အနေအထား ဖြစ်နေတယ်။ ကာကွယ်ဖို့ တော်တော်ကို ခက်ခဲတဲ့ အနေအထား ဖြစ်နေတယ်။ ဒါပေမဲ့ ဒီတာကိုပြန်ပြီးသုံးလို့ရအောင် ကြိုးစားပြီး ကာကွယ်ပေးဖို့ အစီအစဉ်တွေဆွဲတယ်။ ကျွန်တော်တို့ လက်ထက်မှာ ဒီတာကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ရင် အကျိုးဖြစ်ထွန်းမှုတွေ များစွာရှိတဲ့အတွက် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်။ ဒီတာက ကမ်းရင်းတာဖြစ်တဲ့အတွက် ရေမကျတဲ့အချိန်မှာတာ့ ပြိုကျမှု မရှိနိုင်ဘူး။ ဒါပေမဲ့လည်း ရေကျသွားတဲ့ အချိန်မှာတော့ မြေနည်းနည်းပါးပါး ပြိုကျမှုရှိနိုင်တယ်။ ပြိုကျမှုရှိနိုင်တာကို ငုတ်တွေစိုက်၊ တုတ်တွေရိုက်၊ သဲအိတ်တွေချ၊ ခြုံတွေချပြီး ဆက်မပြိုဖို့ ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်” ဟု တောင်ငူမြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးသောင်းတင်က ပြောကြားသည်။

“ဆည်မြောင်းက လုပ်ပေးတာ ခိုင်ခံ့မှု မရှိနိုင်ဘူး။ ဘာလို့မရှိနိုင်ဘူးလဲဆိုတော့ သူက ယာယီလေးပဲရမယ်။ အတားပဲရမယ်။ စကားပုံရှိတာပဲ။ ကျောက်ဇောင်းထက် ရေဇောင်းထက်တဲ့။ အဲဒါကြောင့် ရေရဲ့ဒဏ်ကို မနိုင်ဘူး။ ခဏအမြင်ပဲ လုပ်ငန်းပြလို့ရမယ်။ ပြီးရင် ပြန်ပြိုရင်ပြိုတာပဲ။ အရင်လည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ဒီနေရာကို လက်ညှိုးထိုးပြခဲ့တာ လူကြီးပေါင်း မနည်းတော့ပါဘူး။ အခုလည်း ဒီဟာကိုကာနေတဲ့ အကာက ကာတာပဲ ရှိပါတယ်။ ဘယ်လောက်လုပ်လုပ် စက်ယန္တရားမပါဘဲ အင်တိုက်အားတိုက်မလုပ်ရင် ဒီတာက မခိုင်ပါဘူး” ဟု ရွာတန်းရှည်ကျေးရွာမှ ရာအိမ်မှူးဦးစိုးမြင့်ဦးက ပြောကြားသည်။

Most Read

Most Recent