<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြား ထုတ်လုပ်သုံးစွဲမှု မြင့်မားသည့်ဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေရ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ရှိ စိတ်ကြွေဆးပြား ထုတ်လုပ်သည့် စက်ရုံအား သြဂုတ် ၂၄ ရက်က စီးနင်းရာတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ – မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့)

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြား ထုတ်လုပ်သုံးစွဲမှု မြင့်မားသည့်ဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေရပြီး စိတ်ကြွဆေးပြားကို နယ်စပ်ဒေသအချို့တွင် အလွယ်တကူ ထုတ်လုပ်ဝယ်ယူ အသုံးပြုနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းမှတစ်ဆင့် ထုတ်လုပ်သည့် စိတ်ကြွဆေးပြား ပြဿနာသည် ၁၉၉၆ ခုနှစ်မှစပြီး  ပျံ့နှံ့လာခဲ့ကြောင်း၊ အစပျိုး ဓာတုပစ္စည်းများ နယ်စပ်များမှတစ်ဆင့် ၀င်ရောက်လာခြင်းကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ စိတ်ကြွဆေးပြားကို လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း၊ နယ်မြေအခြေအနေ ကန့်သတ်ချက် ရှိခြင်းများကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့တွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်လာခဲ့ခြင်းများကြောင့် စိတ်ကြွဆေးပြားများ လူငယ်ထုအတွင်း သုံးစွဲမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြား ထုတ်လုပ်မှု၊ သုံးစွဲမှု စသည့် စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင် နေရခြင်းကြောင့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါး ကင်းစင်ရေး ရည်မှန်းချက်၊ ၂၀၁၅ ခုနှစ်အလွန် မူးယစ်ဆေးဝါး လျှော့ချရေး လုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထငါးနှစ် စီမံကိန်းကို ၂၀၁၄- ၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ထပ်မံတိုးမြှင့်ပြီး ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိတ်ကြွဆေးပြား ဆိုသည်မှာ အက်ဖီဒရင်း၊ ကာဖင်း စသော ဓာတုဗေဒ ပစ္စည်းများကို အခြေခံကာ လူတို့ဖန်တီး ပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး Amphetamine Type Stimulants ခေါ် စိတ်ကြွရူးသွပ်ဆေးသည် ဗဟိုနပ်ကြောအဖွဲ့ (Central Nervous System) ကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးအမျိုးအမည်များမှာ အမ်ဖီတမင်း၊ မက်အမ်ဖီတမင်း၊ မီသိုင်းလ်ဖင်နီဒိတ်၊ ဖင်မိထရာဇင်း၊ အက်စ်တာစီတို့ဖြစ်ပြီး ယေဘုယျ အခေါ်များမှာ အိုက်စ်၊ ရှဘူး၊ ရာဘ၊ ရာမ၊ စပိဒ်တို့ ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ ရှူခြင်း၊ ရှုပ်ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊ ရှူရှိုက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊ ဆေးထိုးသုံးစွဲခြင်းကြောင့် အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါဘီနှင့် စီအပါအ၀င် သွေးမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါပိုး အန္တရာယ် ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့် အာဟာရချို့တဲ့ ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါဖြစ်ခြင်း၊ သွားများထိခိုက် ပျက်စီးခြင်းတို့ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ မှတ်ဥာဏ်စွမ်းရည်ဆုံးရှုံးခြင်း၊ ရေရှည်အိပ်ရေးပျက်ခြင်းကြောင့် မှန်မှန်ကန်ကန် မဝေခွဲမဆုံးဖြတ်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းလာခြင်း (မသုံးစွဲရ မနေနိုင်အောင် အလွန်အမင်း စွဲလမ်းခြင်း)၊ ပျော်ရွှင်မှု ခံစားနိုင်စွမ်း လျော့ပါးလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအခံရှိသူများ သုံးစွဲလျှင် စိတ်ရောဂါဝေဒနာ ပိုမိုဆိုးရွားသွားနိုင်ခြင်း၊ သံသယလွန် စိတ်ရောဂါခံစားရခြင်း၊ စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ် ဖြစ်ခြင်းများဖြစ်ပြီး ရာဇ၀တ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။