ထိုင်းနိုင်ငံရှိ အလုပ်သမားဌာနများက အလုပ်သမား မှန်ကန်ကြောင်း စာရင်းကောက်ခံထားသည့် အထောက်အထားရရှိသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား CI ပြုလုပ်ပေးနေ

ထိုင်းနိုင်ငံရှိ အလုပ်သမားဌာနများက အလုပ်သမား မှန်ကန်ကြောင်း စာရင်းကောက်ခံထားသည့် အထောက်အထားရရှိသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား CI ပြုလုပ်ပေးနေ
Published 17 September 2017

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီး၌ တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြပြီး ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (TR-38) ကိုင်ဆောင်သော အလုပ်သမားများနှင့် ယခင်ထုတ်ပေးခဲ့သော သက်တမ်းကျန်ရှိသေးသည့် ယာယီနိုင်ငံကူးလက်မှတ် ခြောက်နှစ်သက်တမ်းရှိ (ခရမ်းရောင်၊ အနီရောင်) စာအုပ်နှင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဌာနများက အလုပ်သမား မှန်ကန်ကြောင်း စာရင်းကောက်ခံထားသည့် အထောက်အထားရရှိသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား စက်တင်ဘာ ၁၅ ရက်မှစ၍ CI ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်နှင့် မဟာချိုင် (၁) (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့ရှိ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်   (CI) ထုတ်ပေးရေး စခန်းများအပြင်  ဆောင်ခလာ၊ နခွန်စဝမ်နှင့် ချင်းမိုင်မြို့တို့တွင် စခန်းများ တိုးချဲ့ဖွင့်လှစ်၍ အထောက်အထား ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်နှင့် ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အရင်က CI စခန်းခြောက်ခုနဲ့ အလုပ်လုပ်ခဲ့တယ်။ အခက်အခဲတွေ ကြားထဲမှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေကို CI  ထုတ်ပေးနိုင်ခဲ့ပါတယ်။ အခု CI စခန်းသစ်သုံးခု ထပ်ဖွင့်လိုက်တယ်ဆိုတော့ ဒေသတွင်းနဲ့ ဒေသနဲ့ နီးစပ်ရာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုံခြုံစိတ်ချမှု၊ ခရီးလမ်းပန်းအနေအထား၊ ကုန်ကျစရိတ် စသဖြင့် ပိုမိုအဆင်ပြေမယ် ထင်ပါတယ်။ တစ်ဖက်ကလည်း ကုန်ကျစရိတ် သက်သာစေမယ်ဆိုတဲ့ အပိုင်းကတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ၊ ခြောက်နှစ်ပြည့် ယာယီပတ်စ်ပို့နှစ်မျိုး (အနီရောင်နှင့် ခရမ်းရောင်) ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း စက်တင်ဘာ ၁၀ ရက်မှစ၍ CI ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ပြုလုပ်ရန်အတွက် ကုန်ကျစရိတ်နှင့် Work Permit အတွက် ကုန်ကျစရိတ်ကို 7 Eleven တွင် ငွေသွင်း၍ စတင်ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောကြားသည်။

“ထိုင်းအလုပ်သမား ဝန်ကြီးဌာနသို့ စာရင်းပေးသွင်းထားတဲ့ အထောက်အထားမရတဲ့ မြန်မာအလုပ်သမားများ စောင့်မျှော်နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ပြုလုပ်ရန်အတွက် CI စာအုပ်ဖိုး ဘတ် ၃၀၀ နဲ့Work Permit ဖိုး ဘတ် ၅၅၀၊ စုစုပေါင်းကုန်ကျစရိတ် ဘတ် ၈၅၀ နဲ့ကျဟာငန်ရုံက ပေးထားတဲ့ စာရွက်ကိုယူပြီးတော့ မိမိတို့နဲ့နီးစပ်ရာ 7 Eleven စတိုးဆိုင်များမှာ ငွေပေးသွင်းလို့ရပါပြီ” ဟု ဦးမိုးကြိုးက ပြောကြားသည်။

အဆိုပါ CI စာအုပ်ပြုလုပ်ရာတွင် ပွဲစားဖြင့်မလုပ်ရန်နှင့် မိမိကိုယ်တိုင် ပြုလုပ်ရန် မြန်မာအလုပ်သမား သံအရာရှိရုံးက နှိုးဆော်ထားကြောင်း သိရသည်။

Most Read

Most Recent