ကျောက်ကပ်အစားထိုး ကုသမှု ခံယူခဲ့ရသည်ဟု ဆလီနာဂိုမက်ဇ် ပြောကြား

ကျောက်ကပ်အစားထိုး ကုသမှု ခံယူခဲ့ရသည်ဟု ဆလီနာဂိုမက်ဇ် ပြောကြား
Published 16 September 2017

ဆလီနာဂိုမက်ဇ်နှင့် ကျောက်ကပ်အလှူရှင် ဖရန်စီယာရွိုင်ဆာ

အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုမက်ဇ်က ကိုယ်ခံအားစနစ် ဖောက်ပြန်သော ရောဂါတစ်မျိုးဖြစ်သည့် Lupus အတွက် နောက်ဆုံးကုသမှုအဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း၊ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဖရန်စီယာရွိုင်ဆာက ကျောက်ကပ် အလှူရှင်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဘေးချင်းယှဉ်ထားသည့် ဆေးရုံခုတင် နှစ်လုံးတွင် လှဲနေသည့် ရွိုင်ဆာနှင့် ဆလီနာတို့ လက်ချင်းဆုပ်ကိုင်ထားသည့် ဓာတ်ပုံကို Follower ၁၂၆ သန်း ရှိသည့် ဆလီနာဂိုမက်ဇ်၏ Instagram တွင် ဖော်ပြခဲ့သည်။ ဂိုမက်ဇ်သည် ၎င်း၏ ဝမ်းဗိုက်ရှိ အမာရွတ်ကိုလည်း ပြသခဲ့ပြီး ပြီးခဲ့သည့်နွေရာသီတွင် ၎င်းပျောက်ဆုံးနေပြီး သီချင်းသစ်အတွက် ဈေးကွက်မြှင့်တင်မှု မလုပ်ခဲ့သည့် အကြောင်းရင်းကို ရှင်းပြခဲ့သည်။

“ ကျွန်မခံစားနေရတဲ့ Lupus ရောဂါအတွက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသဖို့ လိုတယ်လို့ သိရှိခဲ့တယ်။ ကျွန်မရဲ့ သူငယ်ချင်းက အနှိုင်းမဲ့တဲ့ လက်ဆောင်အနေနဲ့ အနစ်နာခံပြီး သူ့ရဲ့ကျောက်ကပ်ကို ကျွန်မအတွက် လှူဒါန်းခဲ့တယ်။ သူ့ကို ကျွန်မ အရမ်းချစ်ပါတယ်”ဟု ဂိုမက်ဇ်က ဆိုသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ရွိုင်ဆာသည် The Secret Life of the American Teenager ဇာတ်လမ်းတွဲနှင့် Bring It On: All or Nothing ဇာတ်ကားတို့ဖြင့် လူသိများခဲ့သည့် သရုပ်ဆောင် ဖြစ်သည်။ ရွိုင်ဆာသည် ဂိုမက်ဇ်၏ သီချင်းဗီဒီယို များစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂိုမက်ဇ်က Lupus ရောဂါကြောင့်၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် အာရှနှင့် သြစတြေးလျဖျော်ဖြေပွဲ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ဓာတုကုထုံးဖြင့် ကုသမှု ခံယူခဲ့ရသည်ဟု ၂၀၁၅ ခုနှစ်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ဂိုမက်ဇ်သည် Lupus ရောဂါ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်သည့် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှု ဖြစ်ပွားခြင်းတို့ကို ကုသရန်အတွက် ဂီတအလုပ်များကို ခေတ္တရပ်နားမည်ဟု ပြီးခဲ့သည့်နှစ် သြဂုတ်က ထုတ်ပြန်ခဲ့သည်။

ယင်းရောဂါကြောင့် အရီဇိုးနားပြည်နယ်ရှိ ပြန်လည်ထူထောင်ရေး စင်တာတွင် ဆေးစစ်မှုခံယူပြီး အချိန်ကြာ အနားယူခဲ့ရသည်ဟု ဂိုမက်ဇ်က ပြောကြားခဲ့သည်။

ဒစ္စနေ၏ Wizards of Waverly ဇာတ်လမ်းတွဲဖြင့် အောင်မြင်ခဲ့သည့် ဂိုမက်ဇ်သည် အဆိုတော် ဂျက်စတင်ဘီဘာ နှင့် လေးနှစ်ကြာ တွဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် လမ်းခွဲခဲ့သည်။

၎င်းသည် ကနေဒါအဆိုတော် The Weeknd နှင့်တွဲနေကြောင်း ယခုနှစ် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

Most Read

Most Recent