မြန်မာနိုင်ငံတွင် ကုမ္ပဏီလာရောက် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာငွေကြေးများ လိမ်လည်ထွက်ပြေးသည့် မလေးရှားနိုင်ငံသား သုံးဦးအား တရားဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကုမ္ပဏီလာရောက် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာငွေကြေးများ လိမ်လည်ထွက်ပြေးသည့် မလေးရှားနိုင်ငံသား သုံးဦးအား တရားဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု သိရ
Published 16 September 2017

မလေးရှားနိုင်ငံသားသုံးဦးက မြန်မာနိုင်ငံတွင် ကုမ္ပဏီလာရောက် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံသားများ၏ ရှယ်ယာငွေကြေးများကို လိမ်လည်၍ ထွက်ပြေးခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၊ Orchid Hotel ၌ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအား တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလကုန်ခန့်တွင် မလေးရှားနိုင်ငံသား တရုတ်လူမျိုးသုံးဦးဖြစ်သည့် Mr. Alan @ Loh Yun Poh (နိုင်ငံကူးလက်မှတ်- A 32967595) Mr. Daniel @ Mr. Wong Jyh Huei(နိုင်ငံကူးလက်မှတ်-H 377727042) Mr. Bryan @ Darren Lee Sin Loong(နိုင်ငံကူးလက်မှတ်- H 38742506) တို့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ် နာနတ်တောလမ်းနှင့် ပြည်လမ်းထောင့်ရှိ SOHO Office Tower ၌ Myanmar Junwell Global Company အား မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည့် ဒေါ်ဝင့်ဝါဖြူနှင့် ဒေါ်နွယ်နွယ်အောင်တို့ အမည်ဖြင့် မှတ်ပုံတင်ကာ လုပ်ငန်းလုပ်ကိုင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကုမ္ပဏီသည် J.Coins ဟုခေါ်သည့် ဈေးဝယ်သူများအတွက် အခွင့်အရေးများ၊ ဒစ်စကောင့်များ ရရှိစေသည့် Mobile Application အစီအစဉ်အား မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေများဖြင့် လုပ်ဆောင်ခဲ့ပြီး ယင်း J.Coins များမှာ သုံး၍မရဘဲ ကုမ္ပဏီတည်ထောင်သည့် မလေးရှားနိုင်ငံသားသုံးဦးသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် ကုမ္ပဏီ၏လည်ပတ်ငွေများ အားလုံးယူဆောင်၍ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“ဒီကုမ္ပဏီမှာ စပြီးအလုပ်ဝင်တာက လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကပါ။ ကျွန်တော်တို့ အဓိကလုပ်တဲ့လုပ်ငန်းက ဒီအွန်လိုင်းကတစ်ဆင့် ရွှေတွေ၊ နိုင်ငံခြားငွေကြေး အမျိုးမျိုးတွေ အဲဒီဈေးနှုန်းတွေ အနိမ့်အမြင့် အတက်အကျကို အွန်လိုင်းကနေတစ်ဆင့် ကစားခဲ့ကြတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လာရောက်လုပ်ကိုင်တဲ့ မလေးရှားနိုင်ငံသားသုံးဦးက ကျွန်တော်တို့ မြန်မာနိုင်ငံသားလူငယ်တွေကို လစာတွေ၊ ခံစားခွင့်တွေပေးပြီး ယုံကြည်အောင် ပြောဆိုခဲ့လို့ ကျွန်တော်တို့ အခြား Customer တွေကိုလည်း ဖိတ်ခေါ်ပေးခဲ့မိတယ်။ အဲဒါကို သူတို့တွေက ခုတုံးလုပ် အမြတ်ထုတ်ပြီး အခုချိန်မှာတော့ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်” ဟု Myanmar Junwell Global Company ၏ ဒါရိုက်တာအဖွဲ့ဝင်ဟောင်း ဦးကျော်စွာဟိန်းက ပြောကြားသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ မလေးရှားနိုင်ငံသား တရုတ်လူမျိုးသုံးဦးအား မြန်မာနိုင်ငံမှ ရှယ်ယာရှင်များနှင့် ဦးကျော်စွာဟိန်းတို့က ကမာရွတ်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲအရေးပိုင်သည့်အမှု မဟုတ်သည့်အတွက် အမှုဖွင့်လှစ်ပေးနိုင်ခြင်း မရှိသဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားဥပဒေအရ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“အမှုလာဖွင့်တာက ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်က ရဲအရေးမပိုင်လို့ အမှုဖွင့်ပေးလို့မရတဲ့အတွက် တရားရုံးကို ဦးတိုက် လျှောက်ထားဖို့ ပြောလိုက်ပါတယ်” ဟု ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent