အကြမ်းဖက်မှု ကောလာဟလများကြောင့် ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်အတွင်း ညပိုင်းတွင် လုံခြုံရေးစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိ

အကြမ်းဖက်မှု ကောလာဟလများကြောင့် ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်အတွင်း ညပိုင်းတွင် လုံခြုံရေးစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိ
Published 15 September 2017

စက်တင်ဘာ ၁၃ ရက် ညဉ့်နက်ပိုင်းတွင် လုံခြုံရေး တာဝန်ရှိသူတို့ ယာဉ်များအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၄ မြို့နယ်အတွင်း ညပိုင်းအချိန်များတွင် လုံခြုံရေးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ထူးခြားမှုခင်းဖြစ်စဉ်များ ဖြစ်ပွားမှု မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လုံခြုံရေး စစ်ဆေးမှုတွေက ကောလာဟလ သတင်းတွေကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ပွားမှုတွေ၊ မှုခင်းတွေ မဖြစ်ပေါ်လာအောင် ဒီရက်ပိုင်း တိုးမြှင့် လုပ်ဆောင်နေပါတယ်။ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်တဲ့ ၄၄ မြို့နယ်တိုင်းမှာ စစ်ဆေး ဆောင်ရွက်မှုတွေက ပုံမှန်လုပ်နေကျထက် ပိုမို တိုးမြှင့်ထားပါတယ်။ ထူးခြားတဲ့ မှုခင်းဖြစ်စဉ်တွေကတော့ မဖြစ်ပါဘူး။ အဓိက ကတော့ ကောလာဟလ သတင်းတွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်စေရအောင်ပါ။ ကျန်တဲ့အချိန်တွေမှာလည်း ပုံမှန်လုံခြုံရေး စစ်ဆေး ဆောင်ရွက်တာတွေက ရှိနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပါကစ္စတန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအချို့၌ ဘင်္ဂါလီ အကြမ်းဖက်သမားများအား ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ခံနေရသည်ဟုဆိုကာ အဆိုပါနိုင်ငံရှိ ပြည်သူများက ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိခြင်းများအပေါ် လူမှုကွန်ရက်များတွင် ယခုရက်ပိုင်းအတွင်း ကောလာဟလ သတင်းများ ထွက်ပေါ်ပျံ့နှံ့ခဲ့ရာ အဆိုပါ ကောလာဟလ သတင်းများအား ပြည်သူများက စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ စက်တင်ဘာ ၁၁ ရက် မှာကတည်းက အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်လာမယ်။ သတိထားကြပါဆိုပြီး Facebook မှာ ပို့စ်တွေလည်း တွေ့တယ်။ ပြီးတော့ Messenger ကနေလည်း စာတွေ ဖြန့်ဝေတာတွေ့တယ်။ ဖတ်ရတော့ အဲဒီနေ့မှာ ကလေးတွေကိုတောင် ကျောင်းမတက်ခိုင်းပဲ ခွင့်ယူခိုင်းတယ်။ သိတဲ့အတိုင်း ရခိုင်မှာလည်း အကြမ်းဖက် ခံနေရတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေကလည်း နိုင်ငံတွင်းကို ရောက်နေတယ်။ လွှတ်ထားတယ်လို့ ပြောတာရေးတာတွေ ကြားနေရတော့ တော်တော်စိုးရိမ်တယ်”ဟု ရန်ကုန်မြို့၌ အငှားယာဉ်မောင်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၁၁ ရက်မှစ၍ ယနေ့အထိ ညပိုင်းအချိန်များ၌ ရန်ကုန်မြို့အတွင်း အသွားအလာ လျော့နည်းလျက်ရှိကြောင်း သိရသည်။

“ဒီရက်ပိုင်း အရင်ရက်တွေနဲ့ကို မတူတာ။ ကားက ငှားမယ့်လူကို မရှိတာ။ အခု ၁၀ နာရီခွဲ ကျော်နေပြီ။ အုံနာကြေးတောင် မရသေးဘူး။ လမ်းပေါ်မှာလည်း လူတွေက ရှင်းလင်းနေတာပဲ”ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် ညပိုင်းအချိန် အငှားယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ကောလာဟလ သတင်းများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခြင်း မရှိစေရန်၊ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားခြင်း မရှိစေရန်နှင့် အခြားသော မှုခင်းဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးမှုများအား ယခုရက်ပိုင်းအတွင်း ဆက်လက်တိုးမြှင့် လုပ်ဆောင်လျက်ရှိကာ ယင်းစစ်ဆေးမှုများတွင် တုတ်၊ ဓား စသည့် လက်နက်များ ရှိ မရှိ စစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါး စစ်ဆေးမှုများကို အဓိက စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ထူးခြားမှုခင်းဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent