<

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွင် ပုံမှန်အခြေအနေသို့ မရောက်သေးသော်လည်း အနည်းငယ် တည်ငြိမ်စပြုလာပြီ ဖြစ်ကြောင်း ဦးဇော်ဌေးပြောကြား

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွင် ပုံမှန်အခြေအနေသို့ မရောက်သေးသော်လည်း အနည်းငယ် တည်ငြိမ်စပြုလာပြီ ဖြစ်ကြောင်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ခန်းမတွင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု မရှိသည့်အပေါ် မီဒီယာများအား ရှင်းလင်းစဉ် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

“တည်ငြိမ်မှု ရှိအောင် လုပ်တဲ့အခါမှာ အတော်အသင့်တော့ ရှိလာတယ် ပြောရမှာပေါ့။ ပုံမှန် အနေအထားတော့ မရောက်သေးဘူး။ သို့သော် ထိတွေ့မှုတွေ နည်းလာနေတယ်။ကျွန်တော်တို့ ပထမဆုံး လုပ်ရမှာက တည်ငြိမ်မှုနဲ့ လုံခြုံမှု လုပ်ရမှာပါ။ တည်ငြိမ်မှုနဲ့ လုံခြုံမှု ရှိလာရင်တော့ ပြန်လည် နေရာချထားတာတွေ လုပ်ရမှာပေါ့။ အဲဒီတော့ ဒါကတော့ ရေတိုပေါ့။ အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုတာ ကြိုတင်ပြီး သတင်းရပါတယ်။ ဒါပေမဲ့ ကွက်ပြည့် လုံခြုံရေးယူလို့ မရဘူး။ ဆိုလိုတာက နေရာတိုင်းမှာ လုံခြုံရေးချလို့ မရဘူး။ ဖြစ်သွားတဲ့ ဖြစ်စဉ်မှာ ရဲကင်းတွေ တစ်ခုမှ မကျဘူး။ ရဲကင်းတွေပေါင်းပြီး ခုခံတာ ရှိတာပေါ့။ တပ်မတော်ကတော့လုံ ခြုံရေးက ပိုကောင်းတာပေါ့။ တပ်ကတော့ တိုက်ရိုက် မပါဘူး။ ဖြစ်သွားတဲ့ ဖြစ်စဉ်မှာတော့ ဒေသခံတွေ သေတယ်။ မွတ်စလင်တွေ သေတယ်။ ဟိန္ဒူတွေ သေတယ်။ ဒီနယ်မြေကြီးကို လူကြီးတွေပြန်ပြီးတော့ စဉ်းစားနေပါတယ်။ နေရာတိုင်းမှာ လုံခြုံရေး တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီတော့ ဘယ်လိုလုပ်မလဲ ဆိုတာကို လူကြီးတွေ စဉ်းစားပြီး လုပ်နေပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ ဒေသအား ရေတို နှင့် ရေရှည် အစီအစဉ်များဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရေတို အစီအစဉ်များမှာ တည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် ပြန်လည် နေရာချထားရေးအား ဆောင်ရွက်မည်ဖြစ်ပြီး ရေရှည်အတွက် ကိုဖီအာနန် ကော်မရှင်၏ အစီရင်ခံစာနှင့် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင်၏ အစီရင်ခံစာများကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဦးဇော်ဌေးက “ရေတို အနေနဲ့ကတော့ အဲဒီဒေသမှ တည်ငြိမ်ရေး၊ လုံခြုံရေး ဆောင်ရွက်ရမှာပါ။ နောက်ပြီးရင်တော့ ပြန်လည် နေရာချထားရေး လုပ်ရမယ်။ ရေရှည် ကာလကတော့ ကိုဖီအာနန် အစီရင်ခံစာရယ်၊ ဒုတိယသမ္မတ ဦးဆောင်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာတွေမှာပါတဲ့ အကြံပြုချက်တွေကို သင့်လျော်တဲ့ အချက်တွေကို ဆောင်ရွက်မယ်။ ဒါက ရေရှည်စီမံကိန်းပေါ့။ လက်ရှိမှာ အရေးကြီးတာက ရွာတွေဆိုရင် ပြန်လည် နေရာချထားနေတာ ရှိတယ်။ တိုင်းရင်းသား ကျေးရွာတွေပေါ့။ တိုင်းရင်းသား ကျေးရွာတွေကို ပြန်လည်နေရာချတဲ့အချိန်မှာ အစောဆုံးက ဒီလ ၇ ရက်ကစပြီး နေရာချတယ်။ အားလုံးပေါင်း ၂၅ ရွာပေါ့။ မူလနေရာ ပြန်ရောက်သွားပြီ။ ပြောရရင်တော့ ဒီဒေသဟာ တည်ငြိမ်စ ပြုလာပြီပေါ့” ဟု ပြောကြားသည်။

လုံခြုံရေး အစီအစဉ်များနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ဦးဇော်ဌေးက “လုံခြုံရေး အစီအစဉ်တွေက ထုတ်ပြောလို့တော့ မရပါဘူး။ အဲဒီမှာ ကျွန် တော်တို့က ရဲပဲရှိတယ်။ တပ်က ဘယ်ရောက်နေလဲ ဆိုတော့ မေယုတောင်ကြောကို ရှင်းနေတယ်။ တောင်ပေါ်မှာ နယ်မြေရှင်းနေတဲ့ တပ်က အောက်ပိုင်းကို ပြန်ဆင်းပြီး ရှင်းရတဲ့ အနေအထားပေါ့နော်။ အခုကတော့ သတင်းရတဲ့နေရာကို လုံခြုံရေးက လိုက်နေပါတယ်။ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ဘင်္ဂါလီရွာပေါင်းက ၄၇၂ ရွာ ရှိတယ်။ အဲဒီမှာ တချို့က ထွက်ပြေးတယ်။ တချို့တွေက ရွာမှာ ကျန်ခဲ့တယ်။ အဲဒါက ၃၄ ရွာ ရှိတယ်။ ရွာလုံးကျွတ် ထွက်ပြေးတာက ၁၇၆ ရွာ ရှိတယ်။ နောက်တစ်ခုက ဘယ်မှလည်း မပြေးဘူး။ အဲဒါက ၁၆၀ ရွာရှိတယ်။ ရာခိုင်နှုန်းအရ ကြည့်မယ်ဆိုရင် လုံးဝထွက်မပြေးဘဲ ကျန်ခဲ့တဲ့ရွာက များတယ်။ ပြေးတဲ့သူတွေက ဘာလို့ပြေးလဲဆိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်လို့ပြေးကြတာ။ မီဒီယာတွေမှာ ရေးနေကြတာက တောင်ဘက်ကို ထွက်ပြေးတဲ့ ဟိန္ဒူတွေ၊ တိုင်းရင်းသားတွေ၊ ရခိုင်တွေ မေးတဲ့ဟာ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ သွားပြီး မေးတဲ့အတွက် ဘင်္ဂါလီတွေပေါ့နော်။ ဒါတွေကို မေးပြီးတော့ ရေးကြတာတွေ ရှိတယ်”ဟု ပြောကြားသည်။

ထို့ပြင်မီဒီယာများနှင့်လည်း ပတ်သက်ပြီး“ကျွန်တော်တို့ ဒီဘက်မှာလည်း သတင်းထောက်တွေ လွှတ်ခဲ့ပါတယ်။ လွှတ်တဲ့အချိန်မှာ စစ်တွေမှာလည်း မေးခွင့်ပြုတယ်။ ကျန်တဲ့ နေရာတွေလည်း ခွင့်ပြုခဲ့တယ်။ တက်လာတဲ့ သတင်းကကျတော့ တိုင်းရင်းသားတွေဖြစ်တဲ့သတင်းက အင်တာနေရှင်နယ်ကို ရောက်မသွားဘူး။ နယ်စပ်မှာက ဟိုဘက်ကလည်း အ၀င်မခံဘူး။ နယ်စပ်မှာ ရှိနေတာက မိန်းမနဲ့ ကလေးတွေပဲ များတယ်။ အဲဒီတော့ ယူဆချက်က ဘာလဲဆိုတော့ အားလုံး ထွက်ပြေးသွားတဲ့ ရွာတွေနဲ့ တချို့တလေ ထွက်ပြေးသွားတဲ့ ရွာတွေက အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိတယ်။ အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်နေတဲ့သူတွေ ဖြစ်နေတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်တော့မယ်ဆိုတဲ့ အချိန်မှာ မိန်းမတွေက လွတ်ရာကျွတ်ရာ ပြေးရတယ်။ အချို့တွေကတော့ ပင်မအကြမ်းဖက်အဖွဲမှာ မပါဘူး။ လူအုပ်နဲ့ ၀ိုင်းပြီး အကြမ်းဖက်တဲ့အထဲ ပါကြတယ်” ဦးဇော်ဌေးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အချို့သော ဘင်္ဂါလီကျေးရွာများမျာ ပါဝင်ခြင်း မရှိကြောင်း၊ ကျေးရွာအတွင်း အကြမ်းဖက်မှုများ နှင့် ဆက်နွှယ်သူများ တွေ့ရှိပါကလည်း သက်ဆိုင်ရာသို့ လာရောက်အပ်နှံခြင်းများ ရှိကြောင်း အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“ မပါတဲ့ ရွာတွေကျတော့ အကြမ်းဖက်သမားတွေလာရင် လက်မခံဘူး။ ဖမ်းပြီး ပို့ပေးကြတာ ရှိတယ်။ အချို့ကျတော့ လုံးဝ အ၀င်မခံဘူး။ အကြမ်းဖက်မှာ ပါတဲ့သူတွေကို ရွာတွေက လက်မခံတော့ မောင်တောရဲ့ မြောက်ဘက်မှာ သွားနေကြတယ်။ ဟိုဘက်နိုင်ငံက Camp ထဲ ရောက်နေသူတွေကတော့ ၁၀၀ ရှိရင် ၁၀၀ လုံး လာလို့မရဘူး။ ပြန်စိစစ်ရမယ်။ စိစစ်ပြီးမှာပဲ လက်ခံဖို့ ရှိပါတယ်”ဟု ပြောကြားသည်။

အစိုးရအနေဖြင့် လက်ရှိတွင် သတင်းမှားများနှင့် ပတ်သက်ပြီး နိုင်ငံတကာရှိ ခေါင်းဆောင်များသို့ ရှင်းပြခြင်းများကို လုပ်ဆောင်နေကြောင်း၊ သတင်းမှားများ ဖော်ပြခြင်းကြောင့် အစိုးရအနေဖြင့် လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“၂၀၁၀ ဒီမိုကရေစီအစိုးရ တက်လာတဲ့အချိန် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံလာတာ များလာတဲ့အခါ ကျတော့ ကျန်တဲ့ဟာတွေအပေါ် ဖိအားနည်းလာတယ်။ ဘာလို့လဲ ဆိုတော့ ငြိမ်းချမ်းရေးတွေ လုပ်တယ်။ ကျန်တဲ့ဟာတွေ မရှိတော့တဲ့အချိန်မှာ ဒီကိစ္စက Storm ဖြစ်သွားတယ်။ ဒီလူတွေက သန်းနဲ့ ချီပြီးတော့ ကမ္ဘာမှာ ပြန့်နေတာက အများကြီး။ မြန်မာနိုင်ငံက သွားတာတွေ ပြောတာမဟုတ်ဘူး။ ပါတော့ပါတယ်။ နိုင်ငံစုံက ပျံ့နှံ့နေတာ။ ဖြစ်နေတာက ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတွေ ပေးကြတယ်။ မုသားကို အမှန်တရားနဲ့ တိုက်မယ်ဆိုပြီး ကျွန်တော်တို့က ပြန်တိုက်တယ်။ သို့သော် မဟုတ်တာကို ထပ်ကာ ထပ်ကာ ပြောတာများလာတဲ့ အခါကျတော့ အမှန်ပုံစံ ဖြစ်သွားတယ်။ အဲဒီလိုဖြစ်နေတော့ လုပ်ရကိုင်ရတာ တော်တော်ခက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းတွေ တောက်လျှောက် ပြောနေရတယ်။ တကယ့်အဖြစ်အပျက်ကို ပြောနေတာ။ လုပ်ကြံပြီး ပြောနေတာ မရှိဘူး။ ရခိုင်ပြည်နယ် အစိုးရရဲ့ တင်ပြချက်တွေနဲ့ဒီမှာတော့ ဘယ်လိုဖြစ်နေတယ်။ တကယ့် မြေပြင်မှာပေါ့။ တချို့တွေက ဒီဒေသကို မရောက်ဘူး။ မီဒီယာတွေမှာ ရေးတာတွေကို ဖတ်ပြီးတော့ ဖြစ်နေကြတာ။ အခုဆို အရှေ့အလယ်ပိုင်း နိုင်ငံတွေကို သွားပြီး ရှင်းပြတယ်။ သံတမန်တွေကို ခေါ်ပြီး ပြောတာတွေ ရှိတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

သြဂုတ် ၂၅ ရက်မှ စတင်ကာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက မောင်တောမြို့ရှိ ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ကြသည်။

September 15, 2017














Copy Protected by Chetan's WP-Copyprotect.