ရခိုင်ပြည်နယ်၌ အာစာ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် စတင်ဖြစ်ပွား ကြီးထွားလာခဲ့ရသည့် မငြိမ်မသက်ဖြစ်မှုများအား ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ဖိအားပေးမှုကို အသုံးပြုခြင်းထက် နှစ်နိုင်ငံအကြား ထိတွေ့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

ရခိုင်ပြည်နယ်၌ အာစာ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် စတင်ဖြစ်ပွား ကြီးထွားလာခဲ့ရသည့် မငြိမ်မသက်ဖြစ်မှုများအား ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ဖိအားပေးမှုကို အသုံးပြုခြင်းထက် နှစ်နိုင်ငံအကြား ထိတွေ့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Published 15 September 2017

ရခိုင်ပြည်နယ်၌ အာစာ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် စတင်ဖြစ်ပွား ကြီးထွားလာခဲ့ရသည့် မငြိမ်မသက် ဖြစ်မှုများအား ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ဖိအားပေးမှုကို အသုံးပြုခြင်းထက် နှစ်နိုင်ငံအကြား ထိတွေ့ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေးအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စက်တင်ဘာ ၁၂ ရက်က ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Mohammand Sufiur Rahman အား စက်တင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၌ အာစာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် စတင်ဖြစ်ပွားခဲ့ပြီး ကြီးထွားလာခဲ့ရသည့် မငြိမ်မသက် ဖြစ်မှုများအား ဖြေရှင်းရေးအတွက် နိုင်ငံတကာ၏ ဖိအားပေးမှုကို အသုံးပြုခြင်းထက် နှစ်နိုင်ငံအကြား ထိတွေ့ ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရေး၊ နှစ်နိုင်ငံအကြားရှိသည့် ဆွေးနွေးမှု ယန္တရားများ ပြန်လည်ကျင်းပရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး ၊ နယ်စပ် ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ရေးကိစ္စ၊ နယူးယောက်မြို့တွင် ဝန်ကြီးအဆင့် နှစ်နိုင်ငံချင်းတွေ့ဆုံရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာအချို့တွင် ရခိုင်ပြည်နယ် မောင်တော၌ ဖြစ်ပွားနေသည့် ပြဿနာရပ်များအား လူမျိုးသုဉ်း သတ်ဖြတ်နေမှုဟု စွပ်စွဲရေးသား ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဟန့်အတား ဖြစ်စေနိုင်သဖြင့် တာဝန်ရှိသူများက ယင်းသို့သော မဆင်မခြင် ရေးသားပြောဆိုမှုများမှာ အထူးဂရုပြုရန် လိုအပ်ကြောင်းကိုလည်း ဒုတိယဝန်ကြီးက ကန့်ကွက် ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဂျီနီဗာမြို့၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၃၆) ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု”၊ “လူမျိုးသုဉ်း သတ်ဖြတ်မှု” စသည့် စကားလုံးများအား အသုံးပြုကာ တစ်ဖက်သတ် ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက မိန့်ခွန်းတစ်ရပ် ပြောကြားပြီး ကန့်ကွက်ကြောင်း ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု”၊ “လူမျိုးသုဉ်း သတ်ဖြတ်မှု” ဆိုသည့် စကားရပ်များတွင် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲ အဓိပ္ပာယ်များရှိကြောင်း၊ ၎င်းတို့မှာ အလွယ်တကူ သုံးနှုန်းသင့်သည့် စကားလုံးများ မဟုတ်ဘဲ အထူးသတိထား သုံးနှုန်းသင့်သည့် စကားများဖြစ်ပါကြောင်း၊ ဥပဒေကြောင်းနှင့် တရားရေးရာဆိုင်ရာ လေ့လာသုံးသပ် ဆန်းစစ်မှုများအပေါ်တွင်သာ မူတည်ပြီး အသုံးပြုသင့်သည့် စကားရပ်များ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကိစ္စရပ်မျိုး ဖြစ်ပေါ်လာမည်ကို မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ စကားရပ်များ သုံးနှုန်းမှုကို လုံးဝလက်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ယင်းကဲ့သို့သော စကားလုံးများကို မဆင်မခြင် အထောက်အထားမဲ့ အသုံးပြုမှုမျိုးသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မီးလောင်ရာလေပင့် ဖြစ်စေကြောင်း၊ ဒုက္ခအခက်အခဲများ နှင့် တကယ်တမ်း ရင်ဆိုင်နေရသည့် လူ့အသိုက်အဝန်းများအကြား ပိုမို စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း၊ ထို့ပြင် နိုင်ငံတကာ အသိုက်အဝန်းမှ မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲမှားစေကြောင်း ပြောကြားခဲ့သည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂါလီအရေးကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အနေဖြင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး၏ ထောက်ခံမှု အားကောင်းလာရန်နှင့် မြန်မာအစိုးရအပေါ် ပိုမိုဖိအားပေးရန် ရည်ရွယ် ပြောကြားသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ဘင်္ဂါလီ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်သွားနိုင်ရေးဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ကော့ပဇားရှိ ဒုက္ခသည်စခန်းသို့ စက်တင်ဘာ ၁၂ ရက်က သွားရောက် ကြည့်ရှုခဲ့သည်။ ထို့ပြင် ၎င်းသည် ဒုက္ခသည်စခန်းမှ အတွေ့အကြုံများနှင့် နောက်ဆုံး အခြေအနေများကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရှင်းလင်းပြောကြားသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက် ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိသည်။ စက်တင်ဘာ ၁၂ ရက်အထိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီ ဒုက္ခသည်ဦးရေသည် ၃၇၀၀၀၀ ခန့် ရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်အရ အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့ တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရကြောင်း၊ အလားတူ အာစာ ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီ ခုနစ်ဦး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း၊ အာစာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်-တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” ကို စက်တင်ဘာ ၁၂ ရက်က နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့သည်။

Most Read

Most Recent