နိုင်ငံတော်၌ ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်၌ ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားမည်
Published 14 September 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာ ၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားမည်ဟု အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများအား ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းအတွင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများနှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိသည့် အကြောင်းများအား မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မသွားနိုင်တဲ့အတွက် နိုင်ငံတကာက ပြောဆိုနေတာကို သူကိုယ်တိုင်ရှင်းပြမယ်။ နောက်ပြီးတော့ အခွင့်အရေး ဆုံးရှုံးတယ်။ ဘင်္ဂါလီပြဿနာက အများစွပ်စွဲနေကြသလို ဥပဒေချိုးဖောက်မှု ရှိတယ်။ အဲဒါ မရှင်းပြချင်လို့လား။ ဒါကို ဝန်ခံလိုက်သလို ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည် UN မသွားတာက ဒါကိုဝန်ခံလိုက်တာလား။ အစိုးရအနေနဲ့ ဝန်ခံလိုက်တဲ့ သဘောလား။ ရှင်းပြပေးပါ” ဟု မေးမြန်းခဲ့သည်။

အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ရည်ရွယ်ချက်ကတော့ အကြောင်းရင်း လေးချက်ရှိတယ်။ ဒီအကြောင်းရင်း လေးချက်ပေါ် မူတည်ပြီးတော့ စဉ်းစားကြည့်လို့ရပါတယ်။ နောက်တစ်ချက်က ထုတ်ဖော်ပြောကြားဖို့ ကျန်နေတာ။ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ကျန်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ ရှိပါတယ်။ အဲဒါတွေ လုပ်နေပါတယ်။ အစောကမေးတဲ့ ဝန်ခံလိုက်သလိုဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဝန်ခံတာ မဟုတ်ဘူး။ ကျွန်တော်တို့က ဖြစ်စဉ်ဖြစ်ရပ် အမှန်အတိုင်း လုပ်ပါမယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နောက်အပတ်ထဲမှာ မိန့်ခွန်းပြောပါမယ်။ ပြောမယ့် အကြောင်းအရာက ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတော် အခြေပြမိန့်ခွန်း သဘောမျိုးပဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့် ခွန်းပြောမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ မီဒီယာတွေလည်း ဝင်ရောက်ခွင့်ပြုမှာပါ။ မီဒီယာတွေကို ခွင့်ပြုတဲ့အခါမှာ ပြည်ပသတင်းထောက်တွေ အနေနဲ့ ပြည်ပကနေ လာပြီးတော့ သတင်းယူချင်တယ်ဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနကို ဒီနေ့ပြောထားပါတယ်။ တကယ်လို့ ပြည်ပအခြေစိုက်ကနေ လာချင်တယ်ဆိုရင် ဗီဇာလျှောက်ရာမှာ ခက်ခဲမှာစိုးလို့ ကျွန်တော်တို့ကို စာရင်းပေး။ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေပြီးတော့ ဗီဇာမြန်မြန်ရအောင် ပြောပေးမှာဖြစ်ပါတယ်။ အဲဒီပွဲလာဖို့ ကျွန်တော်တို့ဖိတ်မှာ ဖြစ်ပါတယ်။ အခုပြန်ကြားရေး ဝန်ကြီးဌာနကို ကျွန်တော်တို့ ဖိတ်ခိုင်းထားပါတယ်။ ဆိုလိုတာက ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ခံတာ၊ ဝန်မခံတာထက် တကယ့်အဖြစ်မှန် ပြောပါမယ်။ ပြောမှာဆိုတာက တစ်ကမ္ဘာလုံးကို ပြောမှာဖြစ်ပါတယ်။ အဲဒါကို သတင်းထောက်တွေကိုလည်း ဝင်ခွင့်ပြုမယ်။ တိုက်ရိုက်လည်း ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သံတမန်တွေအပြင် မြန်မာနိုင်ငံမှာ သံရုံးမစိုက်ဘဲ ထိုင်းတို့၊ နယူးဒေလီတို့မှာ သံရုံးစိုက်တယ်။ တွဲကိုင်နေတဲ့ သူတွေရှိတယ်။ အဲဒီသူတွေကိုလည်း မရောက်ရောက်အောင်တက်ဖို့ ကျွန်တော်တို့ ဖိတ်ထားပါတယ်။ စက်တင်ဘာ ၁၉ ရက်မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အလားတူ Frontineer သတင်းဌာနမှ သတင်းထောက်က “ကုလသမဂ္ဂ ညီလာခံမှာ  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာမှာ သြဇာရှိတဲ့သူက မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ သွားမပြောပြနိုင်တာ နိုင်ငံအတွက် ဘယ်လိုနစ်နာမှုတွေ ရှိမလဲ။ အဲဒီအတွက် အစိုးရဘက်က ဘယ်လိုပြင်ဆင်ထားလဲ” ဟု မေးမြန်းခဲ့သည်။

ဦးဇော်ဌေးက “အဲဒီအတွက် စီစဉ်ထားပါတယ်။ စီစဉ်ထားတယ် ဆိုတာက ဟိုသွားလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောမှာပဲ။ ဒီမြန်မာနိုင်ငံကနေ ပြီးတော့လည်း ပြောမှာပဲ။ တခြားသော မီဒီယာတွေနဲ့ ပတ်သက်တာတွေ အတည်ပြုနိုင်ခြင်း မရှိသေးလို့ ပြောလို့မရသေးတာတွေ ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံကိုယ်တိုင် လုပ်မယ့်ဟာတွေ စီစဉ်နေပါတယ်။ အဲဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent