H1N1 ဖြစ်ပွားသေဆုံးနှုန်း သိသာစွာ ကျဆင်းသွားပြီး ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးမှုအဆင့်အား လွန်စွာကျ ဆင်းလာသောအဆင့် (Very Low Case Fatality) အဖြစ် ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်

H1N1 ဖြစ်ပွားသေဆုံးနှုန်း သိသာစွာ ကျဆင်းသွားပြီး ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးမှုအဆင့်အား လွန်စွာကျ ဆင်းလာသောအဆင့် (Very Low Case Fatality) အဖြစ် ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်
Published 14 September 2017

ရန်ကုန်မြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး )

ရာသီတုပ်ကွေးရောဂါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကနဦး သုံးသပ်ချက်အား ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနှုန်း များပြားသည့် ကာလဖြစ်သည့် ၂၀၁၇ ခုနှစ် သြဂုတ် ဒုတိယပတ်အတွင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပွားမှုအခြေအနေ နှိုင်းယှဉ်ချက် သုံးသပ်ချက်များ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ စသည်ဖြင့် အသေးစိတ် သုံးသပ်ချက်အား သိရှိနိုင်ရန် သြဂုတ် ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ယခုအခါ ရောဂါဖြစ်ပွား ကူးစက်သေဆုံးမှုမှာ သိသာစွာ ကျဆင်းလာပြီး သေဆုံးမှု အနေဖြင့်လည်း စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ တစ်ဦးသာ ရှိတော့ကြောင်း တွေ့ရှိရာ ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးမှု အဆင့်အား လွန်စွာကျဆင်းလာသောအဆင့် (Very Low Case Fatality) အဖြစ် သတ်မှတ်နိုင်သဖြင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကို ထိန်းချူပ်နိုင်သည့် အခြေအနေအဖြစ် သတ်မှတ်ထားကြောင်း စက်တင်ဘာ ၁၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဒုတိယအကြိမ် သုံးသပ်ချက်တွင် ဖော်ပြချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်၍ ရာသီတုပ်ကွေးရောဂါ ‘Seasonal Influenza A (H1N1) pdm 09’စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို ကျန်းမာရေးဌာန အခြေပြုနှင့် ပြည်သူလူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်နောက်ဆုံးရက်သတ္တပတ်မှ သြဂုတ်ဒုတိယ ရက်သတ္တပတ်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှု၊ Seasonal Influenza A (H1N1) pdm 09 ပိုးတွေ့ရှိမှု၊ သေဆုံးမှုတို့မှာ ရောဂါကူးစက်မှု အခြေအနေ သုံးသပ်ချက်အရ Ascending Limb နှင့် Peak Period ရောဂါဖြစ်ပွားမှု အများဆုံးကာလအဖြစ် သုံးသပ်နိုင်ပြီး ရောဂါဖြစ်ပွားမှု အခြေအနေ၊ သေဆုံးမှု အခြေအနေမှာ သြဂုတ် ၁၅ ရက်မှစ၍ သိသိသာသာ ကျဆင်းလာကြောင်း၊ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများ၊ အခြားလူစုလူဝေးရှိသော နေရာများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ၊ Seasonal Influenza A (H1N1) pdm 09 ရောဂါ၏ ရောဂါပြင်းထန်မှု အခြေအနေ၊ ရောဂါကြောင့် ဆေးရုံတက်လူနာများ သေဆုံးမှုအခြေအနေ (Case Fatality Rate Among SARI Cases) များဖြင့် သုံးသပ်ခဲ့ရာ စက်တင်ဘာ ပထမ ရက်သတ္တပတ်မှစ၍ Seasonal Influenza A (H1N1) pdm 09 ကြောင့် ရောဂါသေဆုံးမှု လွန်စွာလျော့နည်းလာခြင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုအရ Seasonal Influenza A (H1N1) pdm 09 ရောဂါကြောင့် သေဆုံးမှုမရှိခြင်း၊ ဝေဘာဂီဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံကြီးများတွင် ဆေးရုံတက်ရောက် ကုသသည့် လူနာအရေအတွက် ကျဆင်းလာခြင်းတို့ကြောင့် ရောဂါပြင်းထန်မှုအဆင့် အနိမ့်ဆုံးအခြေအနေ (Low Severity) အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်ရောက် ကုသနေသော ပြင်းထန်လူနာများ ထံမှတစ်ဆင့် ဆေးကုသပေးနေသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများသို့ ရောဂါကူးစက်မှု နည်းပါးခြင်း၊ လူနာများ၏ မိသားစုများသို့လည်း ဆင့်ပွားရောဂါကူးစက်မှု မရှိသလောက် နည်းပါးခြင်း၊ ကျောင်းများ၊ အလုပ်ရုံများ၊ သက်ကြီးရွယ်အို ဂေဟာများတွင် ရောဂါကူးစက်ဖြစ်ပွားမှု မရှိသလောက် နည်းပါးခြင်းတို့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေကို အနိမ့်ဆုံးအဆင့် ကူးစက်ပျံ့နှံ့မှု (Very Low Transmission) အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။

ရောဂါကူးစက် ပြန့်ပွားမှုနှင့် ရောဂါပြင်းထန်မှု အနိမ့်ဆုံးအဆင့်တို့သည် တစ်နှစ်လုံး ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများ ဖြစ်သဖြင့် လက်ရှိ ဖြစ်ပွားနေမှုအား သာမန်ရာသီ တုပ်ကွေးရောဂါ (Seasonal Influenza) ပြန့်ပွားကူးစက်မှု အခြေအနေအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

သို့သော် သာမန်ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုတွင်လည်း အသက်အရွယ် ငယ်လွန်းသူများ၊ အသက်အရွယ် ကြီးရင့်သူများ၊ နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ) အနေဖြင့် ရောဂါကူးစက်ခံရပါက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသဖြင့် ရာသီတုပ်ကွေးရောဂါကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ခြင်း၊ ကာကွယ်နှိမ်နင်းခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်သူ လူနာ ၁၁၃၁ ဦးအနက် Seasonal Influenza A (H1N1) pdm 09 ပိုးတွေ့လူနာ ၃၉၈ ဦး၊ H3N2 ပိုးတွေ့လူနာ ၄၆ ဦး တွေ့ရှိရကြောင်းနှင့် ဖြစ်ပွားမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent