ယခင်ဝန်ကြီးချုပ်ဟောင်း အပါအဝင် လုပ်ငန်းရှင်ငါးဦးက သိမ်းယူထားသော ပဲခူးမြို့ ကန်တော်ကြီးဒေသအား ဥပဒေနှင့်မညီခြင်းကြောင့် လက်ရှိအစိုးရက ပြန်လည်သိမ်းယူခြင်းဖြစ်ဟု သစ်တောနှင့်သယံဇာတဝန်ကြီး ပြောကြား

ယခင်ဝန်ကြီးချုပ်ဟောင်း အပါအဝင် လုပ်ငန်းရှင်ငါးဦးက သိမ်းယူထားသော ပဲခူးမြို့ ကန်တော်ကြီးဒေသအား ဥပဒေနှင့်မညီခြင်းကြောင့် လက်ရှိအစိုးရက ပြန်လည်သိမ်းယူခြင်းဖြစ်ဟု သစ်တောနှင့်သယံဇာတဝန်ကြီး ပြောကြား
Published 13 September 2017

ပဲခူးမြို့ရှိ အများပြည်သူများ နေ့စဉ်သောက်သုံးနေသော ကန်တော်ကြီး ရေေ၀ ရေလဲဒေသကို ယခင်အစိုးရလက်ထက်က ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း အပါအဝင် လုပ်ငန်းရှင်ငါးဦးက နှစ်ရှည် ရော်ဘာစိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုအစိုးရ လက်ထက်တွင် ပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းယူခြင်းမှာ ပုဂ္ဂိုလ်ရေးများ ပါဝင်ခြင်းမရှိဘဲ ဥပဒေနှင့်ညီညွတ်မှု မရှိခြင်းကြောင့်သာ ပြန်လည်သိမ်းယူရခြင်းဖြစ်ကြောင်း လက်ရှိ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။

“ကျွန်တော်တို့ အခု ကန်တော်ကြီး ရေဝေရေလဲဒေသကို ပြန်လည်သိမ်းယူတာက အရင်အစိုးရလုပ်လို့ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ပြန်သိမ်းတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက ခံစားချက်နဲ့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီရင် ဘယ်သူပဲဖြစ်ဖြစ် အရေးယူမှု လုပ်ရမှာ ကျွန်တော်တို့ တာဝန်ပါ။ ဒီမြေတွေကို လုပ်ကိုင်ခွင့်ယူထားတဲ့ လုပ်ငန်းရှင်တွေ ဥပဒေနဲ့မညီလို့ ပြန်သိမ်းတယ် ဒါပါပဲ။ အခုလက်ရှိ အခြေအနေအရ ဒီမြေတွေကို ပြည်သူ ပိုင်၊ နိုင်ငံပိုင်ပြန်သိမ်းပြီးပြီ။ အထွေထွေအုပ်ချုပ်ရေးဌာနကို ဝမ်းဖိုးဖိုး (၁၄၄) ထုတ်ဖို့ အကြောင်းကြားထားပါတယ်” ဟု သစ်တော နှင့် သယံဇာတဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။

ကန်တော်ကြီးရေဝေရေလဲ ဧရိယာကို သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၆၃၊/၁၉၉၇)  ၁၈ -၈- ၁၉၉၇ ရက်စွဲဖြင့် ၁၄၅၀ ဧက (၂ ဒသမ ၂၇) စတုရန်းမိုင်အား ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၈-၄-၂၀၁၀ တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းအတွက် ကာကွယ်ရေး ဝန်ကြီးပိုင်မြေအဖြစ် ဧက ၁၄၀ အား ပယ်ဖျက်ပေးခဲ့သဖြင့် ဧက ၁၃၁၀ ကျန် ရှိခဲ့သည်။

သစ်တောဦးစီးဌာန နေပြည်တော်မှ ၂၁-၅-၂၀၁၂ ရက်စွဲဖြင့် ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းအား ဧက ၁၅၀ စည်ပင်ဝန်ကြီးဟောင်း ဦးရဲမြင့်ထွန်းအား ဧက ၁၅၀၊ ဦးကျော်ဌေးအား ဧက ၁၅၀၊ ဦးလှမင်းအား ဧက ၁၅၀၊ စိုးရတနာလင်း ကုမ္ပဏီအား ဧက ၁၃၀ စုစုပေါင်း ဧက ၇၃၀ အား လုပ်ငန်းရှင်ငါးဦးအား ပုဂ္ဂလိကရော်ဘာစိုက်ခင်း နှစ်ရှည် တည်ထောင်ခွင့်ကို ခွင့်ပြုပေးခဲ့သဖြင့် သဘာ၀ တောကျန်နှင့် ရေလွှမ်းဧရိယာ ဧက ၅၈၀ သာ ကျန်ရှိတော့သည်။

ယခုအခါ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်ငါးဦးထံမှ ပြည်သူပိုင်သိမ်းပြီး ၁၄၄ ထုတ်ပြန်ရန် အထွေထွေအုပ်ချုပ်ရေးဌာနကို အကြောင်းကြားထားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကလည်း ကန်တော်ကြီးရေလှောင်ကန်သည် ပဲခူးမြို့၏အနောက် မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိ၍ ပဲခူးမြို့နေ ပြည်သူများသည် နေ့စဉ် ရေဂါလန် ပေါင်းတစ်သန်းကျော် သုံးစွဲနေရပြီး ၁၉၂၄ ခုနှစ်ကတည်းစ၍ တည်ထောင်ခဲ့ပြီး နှစ် ပေါင်း ၉၀ ကျော်ကြာရှိခဲ့သော ပြည်သူပိုင်မြေ ဖြစ်ခြင်း၊ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းတွင်အသုံးပြုသော ပိုးသတ်ဆေးများ ကန်ရေထဲသို့ ရောက်ရှိမည်ကိုစိုးရိမ်ရခြင်း၊ စိုက်ပျိုးရန် ထွန်ယက်မှုကြောင့် မြေဆီလွှာပျက်စီးမှုတို့ ဖြစ်ပေါ်နိုင်ကြောင်း စသည်တို့ကို စုံစမ်းစစ် ဆေးတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent