ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ရခိုင်အရေးနှင့်ပတ်သက်ပြီး အစွန်းရောက် အကြမ်းဖက်မှုများအား ဆန့်ကျင်ရှုတ်ချကြောင်း တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌  ကန့်ကွက်ဆန္ဒပြ 

ဓာတ်ပုံ – Thant Myo Htway

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ တိုကျိုမြို့၊ ရှိဘူယအရပ်ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အစွန်းရောက် အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာ ၁၃ ရက် နေ့လည် ၁ နာရီက စတင်ပြုလုပ်လျက်ရှိကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများက ”We Stand With Daw Aung San Su Kyi. Rohingya are not Ethnic from Myanmar” ၊ ”အကြမ်းဖက်မှုများ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံတော်အစိုးရအား ထောက်ခံပါကြောင်း” နှင့် ”ဘင်္ဂါလီ(ရိုဟင်ဂျာ)သည် မြန်မာတိုင်းရင်းသား မျိုးနွယ်စုတွင် မပါဝင်” စသည်တို့အပြင် အခြားအကြောင်းရင်းများကို ဂျပန်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်(ယနေ့)တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်မည်ဖြစ်ကာ အဆိုပါ ညီလာခံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။

”ရခိုင်မှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီးတော့ ရိုဟင်ဂျာဆိုတဲ့ အမည်နဲ့ တိုင်းရင်းသားဆိုတာ မြန်မာပြည်မှာ မရှိပါဘူး။ လက်ရှိ နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရရဲ့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို ဂျပန်ရောက် အလွှာအသီးသီး နယ်ပယ်အသီးသီးမှ မြန်မာနိုင်ငံသားများ တိုင်းရင်းသားပေါင်းစုံက ထောက်ခံတယ်။ ဒါကို လူမျိုးတုန်း သတ်ဖြတ်ခံနေရပါတယ်လို့ လိမ်ညာပြောဆိုတာကို ရပ်စေလိုတဲ့ အနေနဲ့ ကုလသမဂ္ဂရုံးက မြန်မာအရေး ဆွေးနွေးနေချိန်မှာ တိုက်ဆိုင်စွာ တိုကျိုမှာရှိတဲ့ ရှိဘူယရပ်ကွက်က ကုလရုံးအရှေ့ကိုသွားပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများက တညီညွတ်တည်း စုပေါင်းဆန္ဒ ထုတ်ဖော်တာ ဖြစ်ပါတယ်။ လူဦးရေ စာရင်းအရတော့ လူအင်အား ၄၀၀ လောက်ရှိပါတယ်။ ဂျပန်ရဲတပ်ဖွဲ့ကတော့ အထူးလုံခြုံရေး ပေးထားပါတယ်” ဟု ဆန္ဒပြမှုအား  ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဂျပန်ရောက် မြန်မာနိုင်ငံသားဖြစ်သူ ကိုသန့်မျိုးထွေးက စက်တင်ဘာ ၁၃ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ ဆန္ဒပြမှုအပြင် ဂျပန်ရောက် မြန်မာနိုင်ငံသားတို့၏ သဘောထားကြေညာချက် တစ်စောင်ကို ဂျပန်ဘာသာ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသား၍ ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂ(UN)ရုံးနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ကို ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က ဂျပန်နိုင်ငံရောက် မွတ်စလင် ၃၀၀ ကျော်မှ ရိုဟင်ဂျာ အရေးဟုဆိုကာ တိုကျိုမြို့ရှိ မြန်မာသံရုံးအရှေ့တွင် ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး ဂျပန်ရောက် မြန်မာအချို့မှလည်း အဆိုပါ ဆန္ဒပြသူများအား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း တုံ့ပြန်ဆန္ဒပြမှု တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။