Apple က ၁၀ နှစ်ပြည့်အထိမ်းအမှတ် iPhone X နှင့် iPhone 8 အသစ်များကို မိတ်ဆက်

Apple က ၁၀ နှစ်ပြည့်အထိမ်းအမှတ် iPhone X နှင့် iPhone 8 အသစ်များကို မိတ်ဆက်
Published 13 September 2017

Apple ရုံးချုပ်သစ်ရှိ စတိဗ်ဂျော့ခန်းမတွင် အမှုဆောင်ချုပ် တင်ကွတ်က iPhone X ကိုမိတ်ဆက်နေစဉ် (Photo: AP)

ကွယ်လွန်သူ အမှုဆောင်ချုပ် စတိဗ်ဂျော့က ပထမဆုံး iPhone ကိုထုတ်ဖော်ပြသခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင် Apple သည် အလုံးစုံပြင်ဆင်ဒီဇိုင်းဆွဲထားသည့် iPhone သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

Apple ကထောင့်ဖြတ် ၅ ဒသမ ၈ လက်မအကျယ်ရှိသော Super Retina Display ပါဝင်သည့် iPhone X ကို ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိတ်ဆက်ခဲ့သည်။ မျက်နှာပြင်ပြည့် iPhone X အသစ်တွင် မျက်နှာဖြင့် ဖုန်းကိုဖွင့်နိုင်သည့် နည်းပညာသစ် ထည့်သွင်းထားပြီး Apple ၏အမှတ်အသားတစ်ခုဖြစ်သော Home ခလုတ်ကို အသုံးမပြုတော့ပေ။

ထို့ပြင် Apple က မှန်ကိုယ်ထည်ဒီဇိုင်းသစ်ဖြင့် iPhone 8 မော်ဒယ်သစ်နှစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပြီး အမှုဆောင်ချုပ်တင်ကွတ်က iPhone 8 နှင့် iPhone 8 Plus တို့သည် ဧရာမခြေလှမ်းကြီးဟု ပြောကြားခဲ့သည်။ iPhone အသစ်အားလုံးတွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော စတိဗ်ဂျော့က နောက်ဆုံးဒီဇိုင်းဆွဲခဲ့သည့် ထုတ်ကုန်ဟု သတ်မှတ်ကြသော Apple ၏ ရုံးချုပ်အဆောက်အအုံသစ် အာကာသယာဉ်ပုံ Apple Park ရှိ Steve Jobs Theater တွင် iPhone သစ်များကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အားလပ်ရက် ဈေးရောင်းရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် Apple ၏ထုတ်ကုန်သစ်များသည် ကုမ္ပဏီအတွက် နှစ်များစွာအတွင်း အရေးကြီးဆုံးအချိန် ဖြစ်မည်ဖြစ်သည်။ Apple သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း iPhone ၁ ဒသမ ၂ ဘီလျံကျော်ကို ရောင်းချထားသည်။

iPhone X က ဆန်းသစ်တီထွင်မှုတွင် ရှေ့ပြေးနေမှုတွင် Apple တွင်မရှိတော့ကြောင့် ဝေဖန်သူများအား အသံတိတ်စေမည်ဟု Apple ကမျှော်လင့်ထားသည်။ iPhone သစ်များသည် ဈေးများလည်း မြင့်တက်လာခဲ့ပြီး အဆန်းသစ်ဆုံးဖြစ်သည့် iPhone X ကို ၉၉၉ ဒေါ်လာဖြင့် နိုဝင်ဘာ ၃ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် စတိဗ်ဂျော့က ပထမဆုံးသော iPhone ကိုမိတ်ဆက်ခဲ့ပြီး မိုဘိုင်းခေတ်သစ်ကို ဖွင့်လှစ်ခဲ့သည်။ iPhone ၏အောင်မြင်မှုက Apple ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ပြောင်းလဲစေခဲ့သည်။

Most Read

Most Recent