စက်တင်ဘာ ၁၂ ရက်ညပိုင်းက စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး အရက်မူးပြီး အော်ဟစ်ဆဲဆို သောင်းကျန်းသဖြင့် အဆိုပါနေရာ အနီးတစ်ဝိုက်၌ လူစုလူဝေးဖြစ်ပေါ်

စက်တင်ဘာ ၁၂ ရက်ညပိုင်းက စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး အရက်မူးပြီး အော်ဟစ်ဆဲဆို သောင်းကျန်းသဖြင့် အဆိုပါနေရာ အနီးတစ်ဝိုက်၌ လူစုလူဝေးဖြစ်ပေါ်
Published 13 September 2017

စမ်းချောင်းမြို့နယ် လင်းလွန်း (တောင်) ရပ်ကွက်တွင် အမျိုးသားတစ်ဦး အရက်မူးပြီး လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် ဆဲဆိုသည့်အတွက် အဆိုပါနေရာ အနီးတစ်ဝိုက်၌ လူစုလူဝေးဖြစ်ပေါ်မှု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် ည ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်း (တောင်) ရပ်ကွက် ကျိုက်လတ်လမ်းအနီးတွင် အမျိုးသားတစ်ဦး အရက်မူးကာ လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် ဆဲဆိုအော်ဟစ်နေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထိန်းသိမ်းရာ အဆိုပါအမျိုးသားမှာ ကြည့်မြင်တိုင်ဘူတာ လိုင်းခန်းနေ အောင်သိန်းထွေး (၂၄ နှစ်) ဖြစ်ပြီး ၎င်းမှာ အရက်မူးကာ အော်ဟစ်ဆဲဆိုနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ကျိုက်လတ်လမ်းအနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက “အဲဒီကောင်လေးက မူးနေတာ။ သူ့နံဘေးမှာလည်း တစ်ယောက်ပါသေးတယ်။ ပါတဲ့တစ်ယောက်က သူ့ကိုလိုက်ထိန်းနေတာ ထင်ပါတယ်။ သူကလမ်းထဲမှာ အော်ဟစ်ပြီးတော့ အခြားဘာသာတစ်ခုကို ဆဲဆိုနေတာပါ။ နောက်တော့ သူ့ကိုရပ်ကွက်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စခန်းကိုခေါ်သွားတာ တွေ့လိုက်ပါတယ်” ဟုပြောကြားသည်။

ထိုသို့ အရက်မူးပြီးဆဲဆိုခဲ့သည့် အမျိုးသားအော်ဟစ်ခဲ့သည့် အကြောင်းအရာများမှာ လူမှုကွန်ရက် Facebook စာမျက်နှာ၌ ဗီဒီယိုများပျံ့နှံ့နေပြီး အဆိုပါဗီဒီယိုတွင် လူမျိုးရေးပဋိပက္ခ ဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ဆဲဆိုခဲ့ကြောင်း သိရသည်။

ဆဲဆိုခဲ့သည့် အမျိုးသားအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးသည့်အချိန်တွင် ၎င်း၏အစ်ကိုဖြစ်သူမှာ ရခိုင်ပြည်နယ်တွင် အလုပ်သွားလုပ်စဉ် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့်အတွက် ယခုကဲ့သို့ ဆဲဆိုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသားက ထွက်ဆိုသည်။

“အဲဒီကောင်လေးရဲ့ အစ်ကိုက ရခိုင်မှာ အလုပ်သွားလုပ်ရင်း အကြမ်းဖက်သမားတွေ သတ်တာကိုခံလိုက်ရတယ်လို့ သူကထွက်ဆိုပါတယ်။ အဲဒါကြောင့် ညဘက်မှာ အရက်တွေသောက်ပြီး အခုလိုအော်ဟစ်ဆဲဆိုခဲ့တာ ဖြစ်ပါတယ်။ အစက သူ့နံဘေးမှာ သူငယ်ချင်းတစ်ယောက် ပါတယ်။ သူ့သူငယ်ချင်းက သူ့ကိုလိုက်ထိန်းသေးတယ်လို့ သိရတယ်။ အခုတော့ သူ့ကိုစခန်းမှာ ဖမ်းဆီးထားပါတယ်။ ပြီးတော့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ပြီး အမှုဖွင့်ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်” ဟု စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ဆဲဆိုခဲ့သည့် အမျိုးသားမှာ မြောင်းမြလမ်းနှင့် ဝါးခယ်မလမ်းတို့တွင် စတင်ဆဲဆိုခဲ့ခြင်းဖြစ်ပြီး ကျိုက်လတ်လမ်းအရောက်တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်နေသူများထံမှ စုံစမ်းသိရှိရသည်။

Most Read

Most Recent