၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိတွင် ၃ ဒသမ ၅ ဘီလျံ ဝင်ရောက်ထား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိတွင် ၃ ဒသမ ၅ ဘီလျံ ဝင်ရောက်ထား
Published 13 September 2017

စက်တင်ဘာ ၁၂ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ တွင် ကျင်းပသည့် Myanmar Global Investment Forum

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိတွင် ၃ ဒသမ ၅ ဘီလျံ ဝင်ရောက်ထားကြောင်း သိရသည်။ စက်တင်ဘာ ၁၂ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင်ကျင်းပသည့် Myanmar Global Investment Forum တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “အထူးသဖြင့် အခုဟာကတော့ တိုးတက်လာပါတယ်။ ပမာဏအားဖြင့် မှန်းတာကတော့ ခြောက်ဘီလျံလောက် မှန်းတာပေါ့။ သို့သော်လည်းပဲ US ဒေါ်လာမီလျံ ၃၅၀၀ ကျော်၊ ၃ ဒသမ ၅ ဘီလျံဝင်သွားပြီလို့ သိရပါတယ်” ဟုပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ်အတွင်း တိုးတက်လာပြီး ယခင်နှစ်များက အစိုးရအပြောင်းအလဲများကြောင့် စောင့်ကြည့်နေသည့် အနေအထားမျိုးရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်မယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုတာလည်း သိတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကို စိတ်ပါဝင်စားတယ်။ နောက်တစ်ခုကလည်း အစိုးရကိုလည်း ကမ္ဘာကကူညီချင်တဲ့ ဆန္ဒမျိုးတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ သူတို့က ဘယ်လိုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တာလဲရယ်၊ ဆရာမတို့ကလည်း ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာလဲဆိုတာ ဒီဟာကိုယှဉ်တွဲပြီးလို့ရှိရင် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို ချိန်ညှိတဲ့အနေအထားမျိုးတွေကို ဆက်လက်ဖြစ်ပေါ်စေဖို့ကို ဒီလိုဖိုရမ်ကို တစ်နှစ်တစ်ကြိမ် ကျင်းပပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ကာ ဒုတိယအနေဖြင့် တရုတ်နိုင်ငံမှဖြစ်ပြီး ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမှာ ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့မှာ အဆင့်လိုက် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ရှုမြင်သုံးသပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍပေါင်းစပ်မှု အခြေအနေများ၊ အခြေခံအဆောက်အအုံများနှင့် စပ်လျဉ်း၍ စိန်ခေါ်မှုများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူးရေးကဏ္ဍ တိုးတက်မှုအခြေအနေများနှင့် ခရီးသွားကဏ္ဍ မြင့်တက်လာစေရေးအတွက် ဆောင်ရွက်မှုအခြေအနေများ စသည့်ခေါင်းစဉ်များဖြင့် ပညာရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent