<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌတို့ နှစ်ဖက်တင်းမာမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးရာတွင် နားလည်မှုရရှိခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နှစ်ဖက်တင်းမာမှု အခြေအနေများအား တွေ့ဆုံဆွေးနွေးရာ၌ နားလည်မှုရရှိခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူစာချုပ်ပါ အချက်များအနက် နှစ်ဖက်နားလည်မှုနှင့် အယူအဆကွဲလွဲမှုအပေါ် အသေးစိတ် အပြန်အလှန် ဆွေးနွေးကြပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း ဆက်လက်အတူတကွ လျှောက်လှမ်းရေးတို့အား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“တပ်မတော်နဲ့ဆွေးနွေးရာမှာ အဓိကအချက်တွေကတော့ သုံးလေးချက်လောက်ရှိတာပေါ့။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတူတကွ ဖော်ဆောင်သွားမယ့် ပါတနာတွေဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကြားထဲမှာ နားမလည်မှုတွေကို နားလည်လာအောင်၊ တင်းမာမှုတွေ လျှော့ချသွားဖို့ရယ်ပါ။ ဒါကြောင့်မို့ အပြန်အလှန် တွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နိုင်အောင် လာရောက်တွေ့ဆုံတယ်။ နားလည်မှုတွေ ရခဲ့ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

ထို့ပြင်ရှမ်းပြည်နယ်အတွင်း တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေး၊ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းစွာနှင့် ဖိစီးမှုကင်းစွာ နေထိုင်နိုင်ရေး လိုအပ်ချက်များ နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် လေးစားမှုရှိစွာဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းဖြင့် ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှုများ တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

“မူးယစ်ဆေးဝါးကိစ္စမှာလည်း Bilateral လက်မှတ်ရေးထိုးထားသည်ပဲဖြစ်ဖြစ်၊ NCA အခန်းကဏ္ဍပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတောင်းဆိုခဲ့တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဒေသဟာ လူငယ်တွေရော၊ လူကြီးတွေရော မူးယစ်ဆေးဝါးကို တော်တော်လေးကို ဆိုးကျိုးခံနေရပါတယ်။ ကျွန်တော်တို့ ပူးပေါင်းလက်တွဲဖို့ဆိုပြီးတော့ လာပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့ သဘောတူညီဖို့တွေကို ပြန်လည်ဖော်ဆောင်ဖို့ လာရောက်တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးရမှာဖြစ်ပါတယ်။ တပ်မတော်နဲ့ ကျွန်တော်တို့အကြား တင်းမာမှုတွေလျှော့ချပြီး ပြန်လည်နားလည်မှုရအောင်၊ နယ်မြေမရှင်းလင်းတာတွေကို ရှေ့ဆက်ပြီး ကျွန်တော်တို့ ဘယ်လိုဆွေးနွေးကြမလဲ။ ဘယ်လိုဆက်သွယ်ပြီးတော့ တင်းမာမှုတွေကို ဘယ်လိုလျှော့ချကြမလဲ။ အဓိကကတော့ ကျွန်တော်တို့တပ်တွေအချင်းချင်း တိုက်ပွဲဖြစ်ခြင်းအားဖြင့် ပြည်သူလူထုကို ထိခိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ နှစ်ဖက်တပ်တွေ ထိခိုက်မှုမဖြစ်အောင် နှစ်ဖက်ကြိုးစားသွားကြဖို့ အမြင်သဘောထားတွေ ရှိပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလို အကျိုးရှိတယ်လို့ ပြောနိုင်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့အနက် RCSS/SSA သည် တပ်မတော်နှင့် တိုက်ပွဲအချို့ဖြစ်ပွားထားသည်။

အဆိုပါတိုက်ပွဲများသည် နယ်မြေသတ်မှတ်မှု တိကျစွာမရှိခြင်း၊ တပ်မတော်ဘက်က ဆက်ဆံရေးရုံးများအား ယခင်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း RCAA ဘက်က ထင်မြင်လျက်ရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုအပေါ် နှစ်ဖက်စောင့်ကြည့်ရေး JMC ယန္တရားကိုလည်း တပ်မတော်ဘက်က အသာစီးလွှမ်းမိုးထားသည်ဟု ထင်မြင်လျက်ရှိကာ RCSS ဘက်က အပစ်အခတ်ရပ်စဲရေးအား စောင့်ကြည့်ရန် တတိယအဖွဲ့အစည်းတစ်ခုထားရှိ လိုသည့်ဆန္ဒလည်းရှိနေသည်။