လက်ရှိဖြစ်ပေါ်နေသည့် ဆူပူမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား

လက်ရှိဖြစ်ပေါ်နေသည့် ဆူပူမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောကြား
Published 13 September 2017

လက်ရှိဖြစ်ပေါ်နေသည့် ဆူပူမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်ကာ တောင်တွင်းကြီး၌ ဖြစ်ပွားခဲ့သည့် ဆူပူမှုဖြစ်စဉ်များ၏ နောက်ကွယ်တွင် ပတ်သက်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ဆက်စပ်ပြီး တောင်တွင်းကြီး၌ ဆူပူလှုံ့ဆော်မှုဖြစ်စဉ်မျိုး ဖြစ်စဉ်များသည် အမျိုးသားရေး ပေါက်ကွဲမှုတစ်ရပ်အဖြစ် ယူဆကြောင်း၊ ယင်းကဲ့သို့ သေးသိမ်သည့် ကိစ္စရပ်များတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးလှသိန်းက ပြောကြားသည်။

ဦးလှသိန်းက “အဲဒီလိုဖြစ်ပေါ်လာတာဟာ အမျိုးသားရေး ပေါက်ကွဲမှုတစ်ရပ်အနေနဲ့ အန်ကယ်တို့အနေနဲ့ ယူဆပါတယ်။ သို့သော် အဲဒါမျိုးတွေမှာ အဲဒီလိုသေးသိမ်တဲ့ဟာမျိုးတွေမှာ အန်ကယ်တို့ပါတီကော ကျန်တဲ့ပါတီတွေကော ဝင်ပြီးတော့လုပ်မယ်လို့မထင်ဘူး။ အထူးသဖြင့် အန်ကယ်တို့ပါတီအနေနဲ့ လုံးဝပတ်သက်မှုမရှိဘူးဆိုတာကို တရားဝင် ဖြေကြားချင်တယ်။ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့ ဘယ်သွားနေတယ်။ ဘာလုပ်နေတယ်ဆိုတာ ဒီနေ့ကြေညာချက်တွေ၊ ပြီးခဲ့တဲ့ အဆင့်ဆင့်လုပ်ခဲ့တဲ့ ကြေညာချက်တွေကြည့်ရင် အားလုံးမြင်လာပါလိမ့်မယ်။ ထင်သာမြင်သာဖြစ်ပါတယ်” ဟုပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံတော်အခြေအနေနှင့် ပတ်သက်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူကာ ပါတီစုံစနစ်ဖြင့် ဆွေးနွေးဖြေရှင်းနိုင်ရန်လိုကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၉ ပါတီတို့သည် ယင်းနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကိုဖီအာနန် အကြံပေးကော်မရှင်က တိုက်တွန်းထားသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန်ဆိုသည်ကို သတိပြုရန်လိုအပ်ကြောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ အမျိုးသားလုံခြုံရေးမူဝါဒတစ်ခု ချမှတ်ရန်လိုအပ်ကြောင်း စသည့်အချက်များအား ထည့်သွင်းတိုက်တွန်းထားသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများ စုစည်းဆွေးနွေး၍ ကြေညာချက်ထုတ်ခြင်း၊ အစိုးရအား တိုက်တွန်းအကြံပြုခြင်းများသည် လက်ရှိအစိုးရ ပြုတ်ကျသွားစေလိုသည့် အနှောင့်အယှက်ပေးလိုသည့် ရည်ရွယ်ချက်မျိုး လုံးဝမရှိကြောင်း၊ တောင်တွင်းကြီးတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုဖြစ်စဉ်မျိုးသည် အချိန်နှင့်တစ်ပြေးညီ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် လွန်စွာအန္တရာယ်ကြီးကြောင်း၊ နိုင်ငံအတွင်း ထိုကဲ့သို့ အခင်းအကျင်းများ ဖြစ်ပေါ်လာရေး နိုင်ငံတကာမှ ဖိအားများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖျက်အမှောင့်များ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မှန်မှန်ကန်ကန် သိရှိဖော်ထုတ် ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိအာဏာရအစိုးရအနေဖြင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့ပါက ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်း၍ မူလအရင်းအမြစ် ဦးဆောင် ဆောင်ရွက်နေသူများကို ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

Most Read

Most Recent