အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော တီးတိန် - ရိ လမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုဖြစ်ပေါ်

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော တီးတိန် - ရိ လမ်းပိုင်းတွင် လမ်းပိတ်ဆို့မှုဖြစ်ပေါ်
Published 13 September 2017

တီးတိန်-ရိ လမ်းပိုင်းတွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားနေမှုအား စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ်

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော တီးတိန်-ရိ လမ်းပိုင်းဟိုင်မွန်ရွာဟောင်းနှင့် နယူးဧဒင်ကြားတွင် ကားအစင်း ၂၀၀ ခန့် ယာယီလမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး ခရီးသည်အချို့ ခြေကျင်လမ်းလျှောက် သွားနေကြရသည်ဟု သိရသည်။

“ဟိုဘက်မှာ ကားတွေပိတ်မိနေတာ အစီး ၂၀၀ လောက်ရှိတယ်။ ရွာဟောင်းနဲ့ နယူးဧဒင်ကြားမှာဖြစ်တာ။ JCB စက်ကြီးလည်း နှစ်စီးရှိတယ်။ ကားတွေက တစ်စီးနဲ့ တစ်စီး မဖယ်နေရတာ။ ခြေကျင်ပြန်ခဲ့တဲ့ ခရီးသည်တွေ ပြောပြချက်အရ ကားကြီးတစ်စီးက ရှပ်ကျိုးတာကစပြီး ခြောက်ဘီးကား အကြီးတွေကြောင့်ပိတ်တာ။ သူလည်းရှောင်မရ ကိုယ်လည်း ရှောင်မရဖြစ်ပြီး ပိတ်တာ။ ကားကြီးက ရှပ်ကျိုးတော့ ပိတ်ရင်း ဟိုဘက်ကလည်းတက်ခဲ့၊ ဒီဘက်ကလည်း တက်ခဲ့နဲ့၊ ဆင်းတဲ့ကားကလည်းဆင်းနဲ့ အကုန်ပိတ်ကုန်တော့တာ။ ရာသီဥတုအနေနဲ့က မိုးဖွဲဖွဲ ကျနေပါတယ်။ အခုတော့ လင်တန်မှာပဲ နေတယ်။ ဟိုဘက်ကိုသွားမယ်ဆိုရင် ရွာဟောင်းလောက်အထိ သွားလို့ရပေမယ့် ကားတွေက ပုံနေတော့ စားစရာ သောက်စရာရှားတယ်။ အဓိက ရွာဟောင်းနဲ့ နယူးဧဒင်ကြားမှာ ကားတွေက နားလည်မှုမရှိတော့ ရှောင်လို့မရတာပါ” ဟု လင်တန်ကျေးရွာတွင် ရောက်ရှိနေသူ ကိုညိုချောက ပြောကြားသည်။

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ကလေး-တမူးလမ်းကို အသုံးပြု၍ တမူးနယ်စပ်ကုန်သွယ်စခန်းနှင့် ကလေး-တီးတိန်-ရိ လမ်းမှတစ်ဆင့် ချင်းပြည်နယ် ရိနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“အခု နေ့လယ်ဘက်မှာတော့ တီးတိန်ဆောက်လုပ်ရေးကလာပြီး လုပ်ပေးလို့ ကားတချို့တော့ လွတ်လာပြီလို့ ပြောတယ်။ အများကြီးတော့ မဟုတ်ဘူး တစ်စီးစ၊ နှစ်စီးစပေါ့။ လမ်းပြန်ပွင့်ပြီး လင်တန်ကိုတော့ ဂျစ်ကားတွေ ရောက်ခဲ့ပြီ။ ကားကြီးတွေတော့ မလွယ်လောက်သေးဘူး” ဟု ကိုညိုချောက ပြောကြားသည်။

“လမ်းပိတ်ဆိုလို့ ရိရဲစခန်းမှူးနဲ့ တီးတိန်ဆောက်လုပ်ရေး အဖွဲ့တွေတော့ သွားတယ်။ လမ်းပိတ်နေတဲ့ နေရာက ရိနယ်မဟုတ်တော့ဘူး။ ဒါပေမဲ့ ကုန်သည်တွေဆီကရတဲ့ သတင်းကို့ သက်ဆိုင်ရာ မြို့နယ်တွေနဲ့ ဌာနတွေကိုတော့ အကြောင်းကြား ပေးထားပါတယ်” ဟု ရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent