ဟုမ္မလင်းမြို့နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန် မြေယာလက်ဦးရယူမှုများ ရှိနေဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

ဟုမ္မလင်းမြို့နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန် မြေယာလက်ဦးရယူမှုများ ရှိနေဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 13 September 2017

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လျှောက်ထားမှုများသော နတ်နန်းကျေးရွာရှိ နေရာတစ်ခုကို တွေ့ရစဉ်

ဟုမ္မလင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရွှေတူးဖော်ရန်အတွက် မြေယာလက်ဦးရယူမှုများ ရှိနေသည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်က ပြောကြားသည်။

နှစ်ရှည်သီးနှံ စိုက်ပျိုးရန်ဟုဆိုကာ ကုမ္ပဏီအချို့မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကများစွာ လျှောက်ထားမှု ရှိနေပြီး ထိုသို့လျှောက်ထားသော နေရာအများစုသည် ရွှေထွက်ရှိသော ဒေသများဖြစ်နေကာ လက်တွေ့ အကောင်အထည်ဖော် စိုက်ပျိုးမှုလည်း လွန်စွာနည်းပါးနေခြင်းကြောင့် ထိုသို့ယူဆမိခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ဒါက ကျွန်တော့်ရဲ့ ထင်မြင်ချက်ပေါ့လေ။ မက်ကလက်ရွာ၊ နတ်နန်းရွာ၊ ပင်းဖာ ဖာရွာ စတဲ့ဒေသတွေဆိုတာက ရွှေထွက်တဲ့ ဒေသတွေဖြစ်နေတယ်။ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းလျှောက်ထားတာကလည်း အဲဒီ ဒေသဘက်မှာ အများဆုံး လျှောက်ထားကြတာ တွေ့ရတယ်။ လျှောက်ထားတာကတော့ နှစ်ရှည်သီးနှံ စိုက်ပျိုးရန်ဆိုပြီး လျှောက်ထားပေမယ့် သွားကြည့်တဲ့အခါ ဧက ၁၀၀ လျှောက်ထားရင် ဖော်ထားတာက အလွန်ဆုံးရှိလှ ဧက ၅၀ ပေါ့။ တချို့ဆို ၁၀ ဧကတောင်မရှိဘူး။ ဒီတော့ နောက်ပိုင်းကျရင် အဲဒီနေရာတွေမှာ ရွှေတူးဖော်ဖို့အတွက် မြေယာလက်ဦးမှု ယူထားတယ်လို့ ယူဆမိတယ်” ဟု ဦးမျိုး ညွန့်မှ ပြောကြားသည်။

ထို့ပြင် ဖော်ထုတ်ခွင့်ရရှိထားသော ကုမ္ပဏီအချို့သည် ၎င်းတို့လုပ်ကိုင်ခွင့်ရရှိသော မြေအချို့ကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်ခြင်းမရှိဘဲ ထိုမြေများအတွင်း ဒေသခံ ထင်းခွေသူများ၊ နွားလွှတ်သူများနှင့် အိမ်တိုင်ခုတ်သူများ ဝင်ရောက်မိပါက အလျော်အစားအဖြစ် ငွေကြေးတောင်းယူမှုများလည်း ရှိနေကြောင်း ဦးမျိုးညွန့်က ဆက်လက်ပြောကြားသည်။

“တောင်ခြေရင်းရွာ၊ မင်းကွန်းရွာ၊ နတ် နန်းရွာ၊ အော်သော်ရွာ စတဲ့ရွာတွေဘက်ကို ခရီးထွက်တော့ ဒေသခံတွေက ပြောပြတာပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တာက တကယ်လို့ လျှောက်လိုက်ရင် တကယ်ကို အကောင်အထည်ဖော်။ ဒါမှ နိုင်ငံလည်း အကျိုးရှိမယ်၊ ပတ်ဝန်းကျင်က လူတွေလည်း အလုပ်ရမယ်။ အခုတော့ အကောင်အထည် မဖော်ဘဲနဲ့ ဒါငါတို့ကျထားတဲ့မြေဆိုပြီး လုပ်တာမျိုးကို မကြိုက်တာ။ အဲဒီမြေတွေအတွင်း ဒေသခံတွေက အိမ်တိုင်ဝင်ခုတ်၊ နွားဝင်ကျောင်းမိရင် အိမ်တိုင်တွေ သိမ်းပစ်တာတို့၊ နွားကိုသိမ်းထားပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတို့ လုပ်နေတော့ ဒေသခံတွေအတွက် အခက်အခဲ ဖြစ်လာတယ်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ တပ်ရင်းတပ်ဖွဲ့ စသည့်အဖွဲ့အစည်း ပေါင်း ၁၀၄ ဖွဲ့အား ဟုမ္မလင်းမြို့နယ်ရှိ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းဧက နှစ်သိန်းရှစ် သောင်းကျော် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယင်း အနက်မှ အဖွဲ့အစည်း ၃၈ ခုသည် ၎င်းတို့ လျှောက်ထားသော မြေများမှ ဧရိယာ ခြောက် ထောင်ကျော်သာ ဖော်ထုတ်စိုက်ပျိုးထားသည်။ ကုမ္ပဏီအချို့ လျှောက်ထားသော ဧကသုံးသောင်းကျော်အား သက်တမ်းတိုးခွင့်ပြုထားကာ ဧကနှစ်သိန်းသုံးသောင်းကျော်မှာ ဖော်ထုတ်ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၁၃၁ ဧကကို ပုဂ္ဂလိက ၁၀ ဦးအား လုပ်ကိုင်ခွင့်ပေးခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့သည် ပုဂ္ဂလိကခုနစ်ဦးကို မြေဧက ရှစ်ထောင်ကျော် လုပ်ကိုင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့မှ ခွင့်ပြုပေးထားသော ဧရိယာ ၁၃၁ ဧကတွင် ပုဂ္ဂလိက ရှစ်ဦးက ၈၁ ဧက ဖော်ထုတ်ထားပြီး ဧက ၅၀ ဖော်ထုတ်စိုက်ပျိုးရန် ကျန်ရှိနေသည်။ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့မှ ခွင့်ပြုပေးထားသော ဧရိယာ ရှစ်ထောင်ကျော်တွင် ပုဂ္ဂလိကတစ်ဦးက ၁၀ ဧက ဖော်ထုတ်စိုက်ပျိုးထားပြီး ကျန်ဧရိယာများသည် ဖော်ထုတ်စိုက်ပျိုးရခြင်း မရှိသေးဘဲ ထိုဧရိယာများသည် သတ်မှတ်ကာလ ကျော်လွန်ခြင်း မရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent