မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ပညာရေးဝန်ထမ်းများ အနေဖြင့် စက်တင်ဘာ ၁၇ ရက်တွင် တာဝန်ကျရာ ကျောင်းများသို့ သွားရောက် တာဝန်ထမ်းဆောင်ရမည်ဟု သိရ

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ပညာရေးဝန်ထမ်းများ အနေဖြင့် စက်တင်ဘာ ၁၇ ရက်တွင် တာဝန်ကျရာ ကျောင်းများသို့ သွားရောက် တာဝန်ထမ်းဆောင်ရမည်ဟု သိရ
Published 13 September 2017

ဘူးသီးတောင်မြို့နယ်ရှိ ပိတ်ထားသောကျောင်း တစ်ကျောင်းအား တွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ပညာရေးဝန်ထမ်းများ အနေဖြင့် စက်တင်ဘာ ၁၇ ရက်တွင် တာဝန်ကျရာ ကျောင်းများသို့ သွားရောက်တာဝန် ထမ်းဆောင်ရမည်ဟု ပြည်နယ်ပညာရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ထုတ်ပြန်ရခြင်းသည် အခြေခံပညာဦးစီးဌာနနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ ပြန်လည်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက “ကျွန်တော်တို့ အခြေခံပညာ ဦးစီးဌာနနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဌာနကလည်း စာဝင်တယ်။ အဲဒီစာမှာ ဘယ်လိုပါလဲဆိုလို့ရှိရင် မောင်တောဒေသ လုံခြုံရေးအား ထိန်းချုပ်နိုင်ပြီဖြစ်ပါ၍ မိမိဌာနအလိုက် တာဝန်ချထားသည့် နေရာမှ ခေတ္တတိမ်းရှောင် လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး တာဝန်ကျရာ ဒေသအသီးသီးရှိ အခြေပြုရာမြို့နယ်များသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားတဲ့ အတွက် ကျွန်တော်တို့ကလည်း ဆရာ၊ ဆရာမ တွေကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဓိက ကတော့ လုံခြုံရေး ဆောင်ရွက်ပေးနိုင်တဲ့ အခြေခံပညာရေး ကျောင်းတွေနဲ့ စုရပ်တွေမှာ သင်ကြားသွားမှာဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျောင်းဘယ်နှကျောင်း ဖွင့်လှစ်နိုင်မယ် ဆိုတာကို မေးတဲ့အခါမှာလည်း ဘူးသီးတောင်မြို့နယ်က ကျောင်း ၁၇ ကျောင်းကို ဖွင့်လှစ်နိုင်မယ်လို့ အကြောင်းကြားပေမယ့် ကျန်မြို့နယ်တွေက အကြောင်းမပြန်သေးဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ်နှင့် ရသေ့တောင် မြို့နယ်များမှ ခေတ္တနေရပ်စွန့်ခွာသူများတွင် ဒေသခံပညာရေး ဝန်ထမ်းများလည်း ပါဝင်သကဲ့သို့ တခြားမြို့နယ်များမှ လာရောက်တာ ဝန်ထမ်းဆောင်သူများလည်း ပါဝင်သည်။

Most Read

Most Recent