မန္တလေးမြို့ မနော်ဟရီလမ်းနှင့် ၅၉ လမ်းထောင့်တွင် ဓားကိုင်ရမ်းကားနေသူအား ဖမ်းဆီး

ဓားကိုင်ရမ်းကားနေသူအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ် (Photo: Sai Ko Ko Facebook)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၅၉ လမ်းထောင့်တွင် ယနေ့ည ကိုးနာရီဝန်းကျင်ခန့်က အမျိုးသားတစ်ဦး ဓားကိုင်ပြီး လမ်းသွားလမ်းလာများကို ရန်ပြုနေသဖြင့် ဖမ်းဆီးထားကာ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် ည ၉ နာရီဝန်းကျင်ခန့်က ယာဉ်မောင်းနှင်လာသော အမျိုးသားတစ်ဦးမှ ကိုးလက်မကျော်ခန့်ရှိ ဓားတစ်ချောင်းဖြင့် ဆိုင်ကယ်မောင်းနှင်လာသူများကို တားဆီးရန်ပြုနေခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တားဆီးခဲ့ပြီး လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း အောင်ပင်လယ်ရဲစခန်းမှ သိရသည်။

“အရက်သောက်ထားပြီး ဓားတစ်ချောင်းနဲ့ လမ်းသွားလမ်းလာတွေကို ရန်ပြုနေတာပါ။ အခုဖမ်းဆီးရမိပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ လက်နက်ပုဒ်မ ၁၉ (င) နဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အောင်ပင်လယ် စခန်းမှူး ရဲအုပ်ခင်ဇော်က ပြောကြားသည်။

အဆိုပါ ဓားကိုင်ရမ်းကားသူမှာ ကျော်ကိုကို (၃၆ နှစ်) ၃၅ လမ်း ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် နေထိုင်သူဖြစ်ကာ ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာအနီးရှိ ကွမ်းယာဆိုင်ရှင်ကလည်း “ကားကို လမ်းဘေးချရပ်ပြီး ဆိုင်ကယ်မောင်းလာတဲ့သူကို ဆွဲကိုင်ပြီး ဓားနဲ့တွက်တာတို့ ဘာတို့လုပ်တယ်။ တချို့လည်း ရှပ်ထိတယ်။ တချို့လည်း ဆိုင်ကယ်တွေ ဘာတွေ ပစ်လဲကုန်တာပေါ့။ ဓားနဲ့ဆိုတော့ ဘယ်သူမှလည်း တော်ရုံမဆွဲရဲဘူးပေါ့။ နောက်ပိုင်း အထိုးခံရတဲ့ထဲရပ်ကွက်ကပါ ပါလာတော့ ၀ိုင်းလုံးရင်း ရဲတွေရောက်လာတာနဲ့ ဖမ်းလို့ရသွားပါတယ်” ဟု မျက်မြင်တွေ့ရှိခဲ့ရပုံကို ပြောကြားသည်။ ယဉ်မျိုးသွယ်