ဧရာဝတီတိုင်းဒေသကြီး၌ မှုခင်းဖြစ်ပွားမှုနှုန်း ယခုနှစ် ဒုတိယလေးလပတ်တွင် ပထမလေးလပတ် ကာလကထက် လျော့နည်းခဲ့

ဧရာဝတီတိုင်းဒေသကြီး၌ မှုခင်းဖြစ်ပွားမှုနှုန်း ယခုနှစ် ဒုတိယလေးလပတ်တွင် ပထမလေးလပတ် ကာလကထက် လျော့နည်းခဲ့
Published 12 September 2017

ယခုနှစ် ဒုတိယလေးလပတ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ မှုခင်းဖြစ်ပွားမှုနှုန်း ပထမလေးလပတ် ကာလကထက် လျော့နည်းခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒုတိယလေးလပတ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ အမှုကြီး ၁၅၈ မှု ဖြစ်ပွားခဲ့ပြီး ပထမလေးလပတ် ကာလကထက် ၂၁ မှု လျော့နည်းခဲ့ကြောင်း၊ အခြားအမှုဖြစ်စဉ်များမှာလည်း ၁၅၈၆ မှုဖြစ်ပွားခဲ့ပြီး ပထမ လေးလပတ် ကာလကထက် အမှုပေါင်း ၂၅၀ လျော့နည်းခဲ့ကြောင်း သိရသည်။

“ပထမလေးလပတ်ထက်စာရင် ဒုတိယလေးလပတ်မှာ အမှုကြီးဖြစ်ပွားမှုရော၊ အခြားအမှုဖြစ်ပွားမှုရော လျော့နည်းလာပါတယ်။ အဓိက,ကတော့ မှုခင်းတွေ၊ အမှုကြီးတွေ ဖြစ်ပွားနိုင်တဲ့ အနေအထား ကြိုတင်ကာကွယ်မှုတွေ တိုးမြှင့်ပြီးတော့မှ ဖမ်းဆီးတယ်။ ယစ်မျိုးမှုတွေ၊ လက်နက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ နောက်ပြီးတော့ ရဲအက်တွေ ဒီဟာတွေကို ပိုမိုဖမ်းဆီးတဲ့အတွက် မှုခင်းဖြစ်ပွားမှု လျော့နည်းလာတယ်။ မှုခင်းပညာပေးမှုကိုလည်း ကျေးရွာတွေအရောက် လုပ်ပေးနေပါတယ်။ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ ဖြစ်ပွားရခြင်း အကြောင်းရင်းတွေကို သုံးသပ်ပြီး ဖြစ်ပွားတဲ့ရွာတွေမှာ ပညာပေးမှုတွေလုပ်တဲ့အတွက် ၂၀၁၇ ဒုတိယလေးလပတ်မှာတော့ မှုခင်းတွေ လျော့နည်းလာတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ယာဉ်တိုက်မှုများမှာ ယခုနှစ် ဒုတိယ လေးလပတ်တွင် အမှုပေါင်း ၅၇၁ မှုဖြစ်ပွားခဲ့ရာ ၉၆ ဦး သေဆုံးခဲ့ပြီး ၁၀၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုများတာက ပုသိမ်ခရုင်နဲ့ မအူပင်ခရိုင်ပေါ့။ အဓိက,က ရန်ကုန်-ပုသိမ် ကားလမ်းမလည်းရှိတော့ ယာဉ်အသုံးပြုမှုများတဲ့နေရာတွေပေါ့။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးမှုတွေကိုလည်း တောက်လျှောက် လုပ်နေပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ဒုတိယလေးလပတ်မှာ ယာဉ်တိုက်မှုတွေလည်း လျော့နည်းလာပါတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်၌ ၂၀၁၇ ခုနှစ်၊ ဒုတိယလေးလပတ်တွင် ရဲတပ်ဖွဲ့မှ ကြိုတင်ကာကွယ်မှု ၃၃၈၆ မှု ဖမ်းဆီးခဲ့ပြီး ပထမလေးလပတ်ကထက် ၁၄၆၇ မှု ပိုမိုဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ဟင်္သာတမြို့မှာ အခုနောက်ပိုင်း ခိုးမှုတွေ၊ လုယက်မှုတွေဖြစ်တာ စိပ်လာတဲ့အတွက် မြို့သူမြို့သားတွေ ထိတ်လန့်မှုတွေ ဖြစ်လာတယ်။ ညဘက်ဆို အပြင်ထွက်ဖို့တောင် ဝန်လေးလာတယ်။ ခရိုင်မြို့လို အနေအထားမှာ မြို့လယ်ကောင်အထိ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာတဲ့အတွက် မြို့သူမြို့သားတွေ ပိုပြီးထိတ်လန့်ရပါတယ်။ ဒီအတွက်လည်း ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကို ပိုပြီးအားစိုက်ပေးစေချင်ပါတယ်” ဟု ဟင်္သာတမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်မြတ်ကျော်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၌ လက်ရှိထက်ပို၍ မှုခင်းဖြစ်ပွားမှုနှုန်းများ ပိုမိုလျော့ကျလာစေရန်၊ အမှုများပိုမိုဖော်ထုတ် ဖမ်းဆီးနိုင်ရန်နှင့် မူးယစ်ဆေးဝါးမှုများ၊ လောင်းကစားမှုများ၊ သစ်မှောင်ခိုမှုများကိုလည်း ထိရောက်စွာ ဟန့်တားနိုင်သည်အထိ ရဲတပ်ဖွဲ့မှ အကောင်အထည်ဖော်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

Most Read

Most Recent