အကြမ်းဖက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည်ဟု သတင်းရရှိထားသည့် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမား၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့က ဖြန့်ဝေသတိပေး

အကြမ်းဖက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည်ဟု သတင်းရရှိထားသည့် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမား၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့က ဖြန့်ဝေသတိပေး
Published 12 September 2017

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု ဆိုသူနှစ်ဦးအနက်တစ်ဦး၏ ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)

အကြမ်းဖက်မှုများပြုလုပ်ရန် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဟု သတင်းရရှိထားသည့် ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမား၏ ဓာတ်ပုံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြန့်ဝေကာ သတိပေးထားကြောင်း စက်တင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းသိရသည်။

အကြမ်းဖက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအတွင်းသို့ ပါကစ္စတန်မှ အကြမ်းဖက်သမားများ ဝင်ရောက်မည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ အတည်ပြုမေးမြန်းခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက “သတင်းအမှန်လားဆိုတော့ ပြောလို့တော့မရဘူးပေါ့။ ကျွန်တော်တို့ သတင်းရလို့ပါ။ သတိဆိုတာ ပိုတယ်မရှိဘူးပေါ့။ ဒါကြောင့် ဖြန့်ထားပြီး သတိထားဖို့ပေးတဲ့ သဘောပါ။ သတင်းမှန်လားမှားလားဆိုတာ အတည်မပြုနိုင်ဘူးပေါ့။ သူရဲ့ဓာတ်ပုံတွေကို ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်တို့၊ ရေဆိပ်တို့၊ ရှမ်းပြည်နယ်ဘက်က တာချီလိတ်တို့ စသဖြင့် နိုင်ငံဝင်ပေါက်တွေရှိတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့တွေကို ပေးထားတာပေါ့။ မြန်မာနိုင်ငံထဲ ဝင်ရောက်မယ့်လမ်းကြောင်းတွေမှာ ဖြန့်ဝေပေးထားတယ်။ အခြားတစ်ယောက်လည်းပါတယ်။ နှစ်ယောက်ပေါ့” ဟု စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ဖြေကြားသည်။

အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်းရရှိထားသူမှာ ပါကစ္စတန်နိုင်ငံသား အငြိမ်းစားတပ်ကြပ်ကြီးဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ သတင်းပေးပို့သည့် စာရွက်တစ်ရွက်မှာ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံခဲ့သည်။

ယင်းစာရွက်ထဲတွင် အကြမ်းဖက်သမားဟု ဆိုသူသည် စက်တင်ဘာ ၉၊ ၁၀၊ ၁၁ ရက်များတွင် ပြည်ပမှ ဝင်ရောက်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားဟုဆိုသူ၏ အမည်မှာ စုံစမ်းဆဲဖြစ်ပြီး ၎င်းသည် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် ၎င်း၏ အမာခံများကို စုစည်းခိုင်းထားပြီး ဖောက်ခွဲရေးလုပ်ငန်းများကို ပြုလုပ်သွားမည်ဖြစ်သည်ဟု စာရွက်တစ်ရွက် ပျံ့နှံခဲ့သည်။

အကြမ်းဖက်မှု ပြုလုပ်မည်ဟုဆိုသူ၏ ဓာတ်ပုံအား မြန်မာနိုင်ငံ ဝင်ပေါက်များဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အခြားလေဆိပ်များ၊ ရေလမ်းကြောင်းမှ ဝင်ပေါက်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် ဝင်ပေါက်များစသည့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များတွင် ဓာတ်ပုံဖြန့်ဝေထားသည်ဟု သိရသည်။

အကြမ်းဖက်သမားများက စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများ သတိဝိရိယများဖြင့် သွားလာနေထိုင်ကြရန် Facebook Messanger မှတစ်ဆင့် ကောလာဟလ သတင်းများကို ဖြန့်ဝေသတိပေးမှုများ ရှိနေပြီး လူမှုကွန်ရက် Facebook တွင်လည်း အဆိုပါ ကိစ္စအား သတိထားကြရန် ရေးသားမှု အများအပြား ရှိသည်။

Most Read

Most Recent