တောင်းတွင်းကြီးမြို့တွင် လူအုပ်စုဖြင့် ဆူပူမှုတွင် ပါဝင်သူ လေးဦး ထပ်မံဖမ်းဆီးရမိပြီး ဖြစ်စဉ်ကြောင့် ဈေးဆိုင်နှင့်အိမ်များ ပျက်စီးကြောင်း သတင်းထုတ်ပြန်

တောင်းတွင်းကြီးမြို့တွင် လူအုပ်စုဖြင့် ဆူပူမှုတွင် ပါဝင်သူ လေးဦး ထပ်မံဖမ်းဆီးရမိပြီး ဖြစ်စဉ်ကြောင့် ဈေးဆိုင်နှင့်အိမ်များ ပျက်စီးကြောင်း သတင်းထုတ်ပြန်
Published 11 September 2017

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော လူအုပ်စုဖြင့် ဆူပူမှုတွင် ပါဝင်သူ လေးဦး ထပ်မံဖမ်းဆီးရမိပြီး ဖြစ်စဉ်ကြောင့် ဈေးဆိုင်နှင့် အိမ်များ ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဆူပူမှုတွင် ကျန်ရှိသည့် ပါဝင်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ပြီး ယခုအခါ ဖမ်းဆီးရမိသူ ငါးဦးထိ ရှိလာပြီဖြစ်သည်။

ဆူပူမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို အား စက်တင်ဘာ ၁၀ ရက်ညက ဖမ်းဆီးရမိခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်း၌ တောင်တွင်းကြီးမြို့ ရွှေအိုး (၂) ရပ်ကွက်နေ အဖ ဦးမာ၏သား စိုးသူ (၃၃) နှစ်နှင့် အဖ ဦးလှအောင်၏သား သိန်းဇံဌေး (၂၂) နှစ် ၊ ရွှေကြာအင်း (၁) ရပ်ကွက်နေ အဖ ဦးတင်မောင်လင်း၏သား နိုင်အောင်ထက် (၂၇) နှစ် နှင့် အဖ ဦးအောင်ကျော်မိုး၏သား စည်သူအောင် (၁၈) နှစ်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ငါးဦးကို ထိန်းသိမ်း၍ စိစစ်မေးမြန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်ကြောင့် ဦးစိုးမြင့်လေး၏ လိုင်းသစ်မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်၊ ကိုဟာနစ် (စိစစ်ဆဲ) ၏ လက်ဘက်ရည်ဆိုင်၊ ဒေါ်မျိုးမျိုးဝင်း (စိစစ်ဆဲ) ၏ ကုန်စုံဆိုင်၊ ကိုအောင်ဝင်း (စိစစ်ဆဲ) ၏ အိရတနာဖြိုး ထမင်းဆိုင်၊ ဦးမြင့်စိုး (စိစစ်ဆဲ) ၏ ကွမ်းယာခုံ၊ ဦးသန်းလှိုင် (စိစစ်ဆဲ) ၏ နေအိမ်၊ ဦးအေးလွင် (စိစစ်ဆဲ) ၏ နေအိမ်နှင့် ဦးမွတ်တား (စိစစ်ဆဲ) နေအိမ်တို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက် တောင်တွင်းကြီး - မကွေး ကားလမ်းမပေါ်ရှိ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်အား ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်က မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် (စိစစ်ဆဲ) မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော်သီချင်း သီဆိုကြွေးကြော်ကာ ရွှေကြာအင်း (၁) ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ၊ အဆိုပါအဖွဲ့သည် ည ၈ နာရီခန့်တွင် မကွေး-တောင်တွင်းကြီး ကားလမ်း ရွှေကြာပင် (၂) ရပ်ကွက်ရှိ ဗလီတံခါးကို လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းကားလမ်းဘေးရှိ သမာအာဇီ၀ စတိုးဆိုင်ကို လည်းကောင်း ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း ဆက်လက် သတင်းထုတ်ပြန်သည်။

ထို့နောက် ည ၉ နာရီခန့်တွင် ဗလီ၏ မြောက်ဘက် မကွေး-တောင်တွင်းကြီး ကားလမ်းမပေါ်၌ လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် လူ ၇၀ ခန့် ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်၌ လာရောက်ကြည့်ရှုသည့် လူ ၄၀၀ ခန့် စုဝေးလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း သိရသည်။

သို့သော် လူစုမခွဲသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညာသံပေးပြီး ဒိုင်များဖြင့် တွန်းထုတ်ခဲ့ရာ ၉ နာရီ မိနစ် ၃၀ ခန့်တွင် လူစုခွဲ ထွက်ပြေးသွားခဲ့ကြောင်း၊ ခဲဖြင့် ပစ်ပေါက်သည့် အဖွဲ့မှ မောင်းတိုင် (၂) ရပ်ကွက် တောင်တွင်းကြီးမြို့နေ နှင်းကိုကိုလင်း (ခ) နှင်းကိုကိုအား လေးခွ (၁) လက်၊ အုတ်နီခဲ (၁) လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးချက်အရ ခဲဖြင့် ပစ်ပေါက်သည့် ရည်ရွယ်ချက်မှာ မောင်တောဒေသရှိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် ပစ်ပေါက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

တောင်တွင်းကြီးမြို့ ဆူပူမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရသလို ရာဘာကျည်အချို့ အသုံးပြုခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ကနေဦး သတင်းထုတ်ပြန်ချက်အရ သိရပြီး ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ရဲအင်အားအပြည့်ဖြင့် မြို့အား လုံခြုံရေးတင်းကျစ်စွာ ချထားခဲ့ကြောင်း ဆက်လက်သိရသည်။

တောင်တွင်းကြီးမြို့ အမှတ် ၇ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးနေမျိုးဦး ဦးစီး၍ ည ၉ နာရီ ၄၀ မိနစ်တွင် အင်အား (၁+၂၀) သည် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းကာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပြီး အလားတူ တောင်တွင်းကြီးမြို့ လုံခြုံရေးအား ပူးပေါင်းဆောင်ရွက်ရန် မကွေးခရိုင် ရဲတက်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွန်း ဦးစီးကာ အင်အား (၅+၂၅) ဦးသည် ညတွင်းချင်ပင် မကွေးမြို့မှ ထွက်ခွာလာပြီး တောင်တွင်းကြီးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပါဝင်ပတ်သက်သူများ ရှာဖွေဖမ်းဆီးရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent