<

သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ လူနေအိမ် ၂၂ လုံးမျောပါကာ လူနှစ်ဦး ပျောက်ဆုံးနေ

တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသော တံတားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းခန့်)

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ လူနေအိမ် ၂၂ လုံးမျောပါကာ လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စက်တင်ဘာ ၁၀ ရက်က သပိတ်ကျင်း မြို့မရဲစခန်းမှ သိရသည်။

“မနက် ၂ နာရီကျော်ကတည်းက မိုးရွာပြီး ၅ နာရီလောက်မှာ ရေထွက်၊ လိပ်ကျ၊ ကျောက်ဖြူ၊ ကမ်းပါးနီရွာတွေက လူနေအိမ်တွေ တောင်ကျချောင်းရေနဲ့ မျောပါပျက်စီးခဲ့တယ်။ အိမ် ၂၂ လုံးမျောပြီး လူနှစ်ဦး ပျောက်ဆုံးနေပါတယ်။ လောလောဆယ် ပျက်စီးတဲ့ အိမ်စာရင်းလုပ်နေပြီး ရှာဖွေကူညီကယ်ဆယ်ရေးတွေ လုပ်နေပါတယ်” ဟု သပိတ်ကျင်း မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းဌေးက ပြောကြားသည်။

“ဒီမနက် မိုးကတော်တော်ရွာပြီး ချောင်းအနီးနာမှာရှိတဲ့အိမ်တွေ တောင်ကျရေနဲ့မျောကုန်တယ်။ လူနှစ်ဦး ပျောက်နေတယ်ဆိုတာ တောင်ကျချောင်းရေထဲ မျောပါတာ မဟုတ်ပါဘူး။ ရွှေလုပ်ကွက်တစ်ခုမှာ အင်းဆင်းနေရင်း မနက် ၂ နာရီကျော်လောက်က လုပ်သားနှစ်ယောက် မိုးရေနဲ့ အင်းထဲပျောက်သွားတာ။ ပျောက်ဆုံးတာက ဇရပ်ကွင်းရွာက အမျိုးသားနှစ်ဦးလို့ သိရတယ်” ဟု ရေထွက်ကျေးရွာမှ ဒေါ်ညွန့်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေထွက်ကျေးရွာတွင် နေအိမ် ၁၅ လုံးခန့် ချောင်းအတွင်း မျောပါပျက်စီးခဲ့ပြီး အိမ်တစ်ခြမ်း ပါသွားခြင်း၊ အိမ်ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သပိတ်ကျင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ရှာဖွေကူညီ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် နှစ်စဉ်မိုးရာသီတွင် တောင်ကျချောင်းရေများ ကျဆင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ လူနေအိမ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်း၊ တောင်ကျချောင်းရေအတွင်း မျောပါကာ လူထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

September 10, 2017














Copy Protected by Chetan's WP-Copyprotect.