စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ သစ်တောဝန်ထမ်းများ၏ လုံခြုံရေးအတွက် လက်နက်တပ်ဆင်နိုင်ရန် ပြင်ဆင်နေ

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ သစ်တောဝန်ထမ်းများ၏ လုံခြုံရေးအတွက် လက်နက်တပ်ဆင်နိုင်ရန် ပြင်ဆင်နေ
Published 11 September 2017

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ တာဝန်ထမ်းဆောင်နေသည့် သစ်တောဝန်ထမ်းများ၏ လုံခြုံရေးတွက် လက်နက်တပ်ဆင်နိုင်ရန် ပြင်ဆင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန တိုင်းသစ်တောညွှန်မှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

သစ်တောဝန်ထမ်းများ၏ လုံခြုံရေးအတွက် လက်နက်တပ်ဆင်ပေးနိုင်ပါက တရားမဝင် သစ်ခိုးထုတ်မှု လျော့ကျသွားနိုင်ကြောင်း၊ သစ်မှောင်ခိုသမားများ သစ်ခိုးထုတ်နေသည့် အဓိကနေရာများအား လက်နက်တပ်ဆင် နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သစ်တောဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ အကာအကွယ်ပေးရေးအတွက် လက်နက်တပ်ဆင်ပေးဖို့ လိုပါတယ်ဆိုပြီး အကြံပြုပါတယ်။ သစ်တောဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေး နိုင်ရေးအတွက် ကျွန်တော်တို့ဘက်ကလည်း ကြိုးစားနေတယ်။ သစ်တောဝန်ထမ်းဆီမှာ ဘာလက်နက်မှ မပါတော့ သစ်မှောင်ခိုသမားတွေက မကြောက်ဘူး။ သစ်တောဝန်ထမ်းတွေကို လက်နက်တပ်ဆင် ပေးလိုက်မယ်ဆိုရင် တရားမဝင် သစ်ခိုးထုတ်လုပ်တာတွေ လျော့ကျသွားနိုင်တယ်။ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ရဲတပ်ဖွဲ့ကို အကူအညီ တောင်းနေရတာကလည်း အမြဲတမ်းကျတော့ မလွယ်ဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန တိုင်းသစ်တောညွှန်မှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဝန်ထမ်းများအား လက်နက်တပ်ဆင်နိုင်ရေးအတွက် အချက်အလက်များကို တောင်းခံထားကြောင်းနှင့် သစ်တောဦးစီးဌာနသို့ သစ်တောဝန်ထမ်းများကို  လက်နက်တပ်ဆင် ပေးနိုင်ရေးအတွက် အသေးစိတ် ဖြေကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် သစ်မှောင်ခိုသမားများ သစ်ခိုးထုတ်သည့်နေရာမှာ တရုတ်နယ်စပ်နှင့် အလွန်နီးကပ်နေသည့် ကသာခရိုင်ဖြစ်ကြောင်း၊ ယင်းခရိုင်သည် လုံခြုံရေးအင်အား နည်းပါးသောကြောင့် သစ်မှောင်ခိုသမားများ သစ်ခိုးထုတ်ရာ အဓိကခရိုင်ဖြစ်ကြောင်း သိရသည်။

 

Most Recent