စက်တင်ဘာ ပထမပတ်အထိ မန္တလေးတောင်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ၆၆၀၀၀ ကျော်ရှိ

စက်တင်ဘာ ပထမပတ်အထိ မန္တလေးတောင်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ၆၆၀၀၀ ကျော်ရှိ
Published 10 September 2017

မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းလတ်)

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာပထမပတ်အထိ ရှစ်လတာကာလအတွင်း မန္တလေးတောင်တော်သို့ နိုင်ငံခြားခရီးသွား ၆၆၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများတွင် အာရှနိုင်ငံများမှ ဝင်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံများမှ ဝင်ရောက်မှုမှာ နည်းပါးကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

မန္တလေးတောင်တော်သို့ လာရောက်လည်ပတ်သည့်  နိုင်ငံခြား ခရီးသွားများတွင် အာရှနိုင်ငံအနေဖြင့် ထိုင်းလူမျိုး အများဆုံးဖြစ်ပြီး ဥရောပနိုင်ငံအနေဖြင့် စပိန်လူမျိုးနှင့် ပြင်သစ်လူမျိုး အများဆုံး ဝင်ရောက်လျက်ရှိကြောင်း၊ မန္တလေးတောင် ဆုတောင်းပြည့် ရင်ပြင်တော်ပေါ်တွင် နိုင်ငံခြားခရီးသွားများ နေဝင်ချိန်၊ နေထွက်ချိန် ကြည့်ရှုရာတွင် အဆင်ပြေစေရန် ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး နိုင်ငံခြားတစ်ဦးလျှင် ကျပ် ၁၀၀၀ ကောက်ခံကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့မှ သိရသည်။

“ပြည်တွင်းခရီးသွားတွေတော့ မယူပါဘူး။ နိုင်ငံခြားသားဧည့်သည်တွေပဲ ကောက်ခံတာပါ။ ကျွန်တော်တို့အနေနဲ့ သူတို့အတွက် ကျန်းမာရေး၊ သွားရလာရ လွယ်ကူစေရေးနဲ့ လုံခြုံရေးကို ဂရုတစိုက် ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးသိန်းထွန်းက ပြောကြားသည်။

မန္တလေးတောင်ပေါ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားစာရင်းမှာ တောင်ပေါ်ဆု တောင်းပြည့်ရင်ပြင်ပေါ်အထိ တက်ရောက်သည့် စာရင်းဖြစ်ကြောင်း၊ အချို့နိုင်ငံခြား ခရီးသွားများမှာ စောင်းတန်းများမှတစ်ဆင့် တက်ရောက်ကြပြီး ဆုတောင်းပြည့်ရင်ပြင်ပေါ်အထိ တက်ရောက်ခြင်းမရှိဘဲ လှည့်ပြန်သွားသူများလည်း ရှိကြောင်း၊ ထိုသူများကို စာရင်းမကောက်သလို ဝင်ကြေးလည်း မကောက်ခံကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆက်လက် ရှင်းပြသည်။

ဇန်နဝါရီမှ ဇူလိုင်လအထိ မန္တလေးတိုင်းဒေသကြီးသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား ၂၆၀၀၀၀ ကျော်ရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ်တွင်  ၃၀၆၄၃၂ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

Most Read

Most Recent