ဘူးသီးတောင်မှ စစ်တွေသို့ ထွက်ခွာမည့် နေရပ်စွန့်ခွာလာသူများအနေဖြင့် ရေယာဉ်လက်မှတ် အလုံအလောက် မရရှိသည့်အတွက် စောင့်ဆိုင်းနေရ

ဘူးသီးတောင်မှ စစ်တွေသို့ ထွက်ခွာမည့် နေရပ်စွန့်ခွာလာသူများအနေဖြင့် ရေယာဉ်လက်မှတ် အလုံအလောက် မရရှိသည့်အတွက် စောင့်ဆိုင်းနေရ
Published 10 September 2017

စိုးရိမ်ထိတ်လန့်မှုများကြောင့် မောင်တောနှင့်ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများမှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအနေဖြင့် ရေယာဉ်လက်မှတ် အလုံအလောက် မရရှိသည့်အတွက် စောင့်ဆိုင်းနေရကြောင်း သိရသည်။

“အခုဖြစ်နေတာက ရေယာဉ်လက်မှတ် အခက်အခဲဖြစ်နေတာပါ။ ဘူးသီးတောင်ကနေ စစ်တွေကို သွားဖို့အတွက် မနေ့ကတည်းက လက်မှတ် ဝယ်တယ်၊ မရဘူး။ လက်မှတ်ကုန်သွားပြီလို့ ပြောတယ်။ ရေယာဉ်ကလည်း တစ်စီးတည်းရှိတဲ့အတွက် သွားမယ့်လူက များနေတော့ ခက်တာပေါ့။ မနေ့က တစ်ညအိပ်ရတယ်။ ဒီနေ့ တစ်ညအိပ်ပြီး ပြည်တွင်းရေကြောင်း သင်္ဘောထွက်မှာကို စောင့်ရတော့မယ် ထင်တယ်၊ ဒီမှာက သင်္ဘောလက်မှတ် စီစဉ်ပေးတာမျိုးလည်း မရှိဘူးဆိုတော့ အခက်အခဲ ရှိပါတယ်။ ပြည်တွင်းရေကြောင်းက နေစဉ်ဆွဲပေးမယ်ဆိုရင်တော့ အဆင်ပြေမှာပါ”တမန်းသားကျေးရွာမှ ဒေါ်မစောသိန်းက ပြောသည်။

စစ်တွေသို့ထွက်ခွာသူ နေ့စဉ်ရှိနေသော်လည်း ရေယာဉ်လုံလောက်မှု မရှိသည့်အတွက် စောင့်ဆိုင်း နေကြရသူများထဲတွင် သက်ကြီးရွယ်အိုများလည်း ပါဝင်သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ ပြည်တွင်းရေကြောင်း ခရီးသည်တင်သင်္ဘောများ နေ့စဉ်ပြေးဆွဲပေးသင့်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လာသူများထဲတွင် သက်၊ ဒိုင်းနက်နှင့် ဟိန္ဒူလူမျိုးများစွာတို့လည်း ပါဝင်ကြောင်း သိရှိရပြီး သေနတ်သံများကို ညအချိန်တို့တွင် ကြားနေရသဖြင့် စိုးရိမ်စိတ်ဝင်ကာ ထွက်ပြေးလာခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့သို့ ရွှေ့ပြောင်းလာသူများသည် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်သူများ ရှိနေသကဲ့သို့ ဆွေမျိုးသားချင်းများရှိရာ အခြားမြို့များသို့ သွားရောက်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent