<

ပြည်ပတွင်ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ စက်တင်ဘာ ၈ ရက်တွင် သိရသည်။

အဆိုပါ ဥပဒေဖြင့် အမှုဖွင့်ရခြင်းမှာ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သော ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများကို အားပေးကူညီသည့် အနေဖြင့် လူမှုကွန်ရက် Facebook တွင် MP Ro Shwe Maung အမည်ဖြင့် Post တင်ခြင်းများ ပြုလုပ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့က အမိန့်ကြေညာစာ ၁/၂၀၁၇ နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အစွန်းရောက် ဘင်္ဂါလီတွေကို အားပေးကူညီ လှုံ့ဆော်တဲ့ အနေနဲ့ လူမှုကွန်ရက်တင်တာနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်တာပါ” ဟု ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းကြွယ်က ပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် (ခ) Abdul Razak ကို တရားလိုပြုလုပ် အမှုဖွင့်သူမှာ ဘူးသီးတောင်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး သောင်းကြွယ်ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ မှုခင်းအမှတ်စဉ် (ပ)၄၉/၂၀၁၇ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဦးရွှေမောင်သည် အမေရိကန်နိုင်ငံ Manvel မြို့ Texas ပြည်နယ်တွင် နေထိုင်လျက်ရှိကြောင်း ၎င်းအသုံးပြုသည့် Ro Shwe Maung (Abdul Razak) Facebook Account တွင် ဖော်ပြထားသည်။

ဘင်္ဂါလီလူမျိုး ဦးရွှေမောင် (ခ) Abdul Razak သည် ယခင်အစိုးရ လက်ထက်တွင် နိုင်ငံသားမှတ်ပုံတင်အမှတ် ၁၂/ပဇတ(နိုင်) ၀၃၆၃၀၆ ကိုင်ဆောင်ခွင့်ရရှိခဲ့ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

သို့သော် ၎င်းအား ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ ထုတ်ပယ်ပြီးဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှု မညီသည့်အတွက် ပယ်ချခဲ့သည်။

September 8, 2017














Copy Protected by Chetan's WP-Copyprotect.